About

Tuesday, June 18, 2013

ရွှေသက်လွတ်စေတီတော်မြတ်ကြီး သမိုင်းအကျဉ်းချုပ်

သရက်မြို့  သမိုင်းဝင်ရွှေသက်လွတ်စေတီတော်မြတ်ကြီး  သမိုင်းအကျဉ်းချုပ်
ဦးကုလားမှန်နန်းရာဇ၀င်မှ ကောက်နှုတ်ချက်

ကောဇာသက္ကရာဇ်(၆၄၈)ခုနှစ်တွင် ကျော်စွာဘုရင်နန်းတက်သည်။ ကျော်စွာဘုရင်နန်းတက်သောအခါ စောစိုးကို မိဘုရားမြှောက်ခဲ့သည်။ ၄င်းတို့တွင် သားတော်(၂)ပါးနှင့် သမီးတော်(၃)ပါးရှိသည်။ ၄င်းတို့မှာ သားတော်များဖြစ်ကြသော သားတော်ကြီး စောနစ်နှင့် သားတော်ငယ် မင်းရှင်စောတို့ဖြစ်ပြီး သမီးတော်များမှာ ပင်းယစားခုနှစ်လျောင်းဒါယိကာ ဥဇနာမိဘုရားစောရ ၊ သင်္ခယာစောယွမ်းနှင့် စောနှောင်းတို့ ဖြစ်ကြသည်။
ကျော်စွာဘုရင်သည် သားတော်ကြီးစောနစ်ကို ကောဇာသက္ကရာဇ်(၆၆၀)တွင် သီရိတြိဘ၀နာဒိတျာပ၀ရာဓမ္မရာဇာ ဟူသောအမည်ဖြင့် ပုဂံမြို့တွင် မင်းပြုစေတော်မူ၏။ သားတော်အငယ် မင်းရှင်စောကို သရက်မြို့ စားပေးတော်မူသည်။ မင်းရှင်စောသည် သိင်္ခဗိုလ်၏သမီး ရှင်မြတ်လှအား မိဘုရားမြှောက်ခဲ့သည်။
ကောဇာသက္ကရာဇ်(၆၆၀)တွင် ကျော်စွာမင်း မြင်းစိုင်းအရပ်သို့ ကြွရောက်တော်မူစဉ် သိင်္ခဗိုလ်၏သား မင်းညီနောင်(၃)ပါးဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန်နှင့် သီဟသူတို့မှ ဖမ်း၍ ခေါင်းရိတ်သင်္ကန်းလဲစေပြီး အစောင့်အရှောက်ဖြင့် နန်းချ၍ ၄င်းအရပ်၌ ထားလေသည်။
ကောဇာသက္ကရာဇ်(၆၆၂)တွင် တရုတ်ပြည် ဦးတည်ဘွား၏ စေခိုင်းချက်အရ တရုတ်စစ်သည်များ မြင်းစိုင်းမြို့ကို နှောက်ယှက်သောကြောင့် မင်းရှင်စောသည် သရက်မြို့ကို ဓါးမ(၃၀၀) ၊ ပေါက်တူး(၃၀၀) ၊ ပုဆိန်(၃၀၀)ဖြင့် ခံတပ်တည်ခဲ့လေသည်။
သိင်္ခဗိုလ်သား မြင်းစိုင်းညီနောင်(၃)ဦးတို့ ကျော်စွာမင်းကို နန်းချသည်ကြားသော် ရခိုင်မင်းက သရက်မြို့ကို လုပ်ကြံရာ သရက်မြို့ပျက်လျက် မင်းရှင်စောကို သားမယားနှင့်တကွ ရခိုင်ပြည်သို့ ခေါ်ယူလေသည်။ ရခိုင်ပြည်၌ မင်းရှင်စောသည် သားတော်များကို ပညာရှိများထံအပ်၍ ပညာများသင်ကြားစေခဲ့သည်။ မင်းရှင်စော၏သားတော်(၃)ပါးမှာ သားတော်ကြီး မြင်းစိုင်းရွှေနန်းရှင် ၊ သားတော်အလတ် ပြည်မင်းစောရနောင် ၊ သားတော်အငယ် မင်းကြီးစွာစော်ကဲ တို့ဖြစ်သည်။
မင်းရှင်စော ရခိုင်ပြည်မှ ထွက်ခွာပြီး စစ်ကိုင်းပင်းယသို့ သွားရောက်ခဲ့လေသော် စစ်ကိုင်းမင်းဆင်ဖြူရှင်ထံတွင် သားတော်ကြီးကား ပင်းယဥဇနာတွင်မြဲ၍ ဥဇနာမရှိသည့်နောက် ငါးစီးရှင်ကျော်စွာတွင်မှ စောရနောင်ဟူသော အမည်ဖြင့် ပြည်မြို့ကို စားရသည်။ ညီတော်အငယ်စော်ကဲကား စစ်ကိုင်းမင်း ဆင်ဖြူရှင်ထံတွင်မြဲ၍ အမြစ်မြို့ကိုစားရ၏။
ကောဇာသက္ကရာဇ်(၇၂၉)တွင် အင်းဝဘုရင်သတိုးမင်းဖျားအနိစ္စရောက်၍ မင်းပြုရန်အတွက် စော်ကဲအား မင်းမြှောက်ကြလေသည်။ သို့မှစ၍ မင်းကြီးစွာစောကဲ ဟု တွင်လေသည်။
မင်းရှင်စောသည် သားတော်(၃)ပါး အထွတ်အထိပ်သို့ရောက်မှ မိမိယခင်ပိုင်စားခဲ့သော သရက်မြို့သို့ စုန်ဆင်းလာရာ ပုဂံမြို့ အာနန္ဒာမြတ်စွာဘုရားကိုဖူးပြီး သရက်မြို့သို့ရောက်လျှင် ငါတို့သည် ရခိုင်မင်းလက်သို့ရောက်ပြီးမှ အသက်ဘေးလွတ်လာခဲ့သည်ဟု ပုဂံအာနန္ဒာဘုရားပုံတော်ကို အမှီပြုပြီး သရက်မြို့၌ သက်လွတ်ဘုရားဟု အမည်ပေး တည်ထားကိုးကွယ်တော်မူလေသည်။ နောက်မှ ရွှေသက်လွတ်ဘုရားဟု တွင်သည်။
ရွှေသက်လွတ်ဘုရားကြီးတွင် ကုလားကျောင်းခံ၍ ကုလားကျောင်းအထက်၌ စေတီတည်ထားကိုးကွယ်တော်မူရာ ကုလားကျောင်း၌ မုခ်လေးမုခ်အနက် အနောက်မုခ်ကို ချန်လှပ်ပြီး မြောက်ဘက်၌ ကောက္ကသံဂုဏ် မြတ်စွာဘုရား ၊ တောင်ဘက်မုခ်၌ ဂေါဏဂုဏ်မြတ်စွာဘုရား ၊ အရှေ့ဘက်မုခ်၌ ကဿပမြတ်စွာဘုရားနှင့် အနောက်ဘက်မုခ်၌ ဂေါတမမြတ်စွာဘုရားထားသင့်လျက် ၄င်းနေရာတွင် မယ်တော်မိဘုရားစောစိုး၏ ပုံတော်ကို တည်ထား၍ ကုလားကျောင်းအထက် စေတီတော်အရှေ့မျက်နှာမုခ်တွင် ဂေါတမမြတ်စွာဘုရားပုံတော်ကို တည်ထားကိုးကွယ်ခဲ့သည်။
နောက်မှ ရှေ့ကုသိုလ်ကံအကြောင်းအရင်းကောင်းသောကြောင့် မိမိတို့မြို့ပြန်၍ ရောက်ပေသည်ဟု ရှေးယင်းခေါင်းဘုရားတစ်ဆူ တည်ထားကိုးကွယ်ခဲ့သည်။ နောက်မှ ရွှေရင်ခေါင်းဘုရားဟု တွင်ခဲ့သည်။
သရက်မြို့ ရွှေသက်လွတ်စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်ခဲ့သော သက္ကရာဇ်မှာ မင်းကြီးစွာစော်ကဲ နန်းတက်သောနှစ် သက္ကရာဇ်(၇၂၉)နှစ် ဖြစ်သည်။

သရက်မြို့ သတ္တဌာနဘုရားသမိုင်း


မြန်မာသက္ကရာဇ် ၁၂၃၁ခု(ခရစ်၁၈၆၉ခု)တွင် နယ်ချဲ့ အင်္ဂလိပ်အစိုးရ သည် သရက်အကျဉ်းထောင်ကြီးကို တည်ဆောက်ခဲ့ရာ အကျဉ်းထောင် တည်ဆောက်ရာတွင် ထွက်လာသော မြေများကို ယခု သတ္တဌာနဘုရား တည်ရှိရာသို့ သယ်ယူ မြေဖို့ ခဲ့ပါသည်။ သရက်မြို့ အနောက်ရပ်တောင်ပိုင်း ဗုဒ္ဓဘာသာဝင် ရပ်ကွက်သူ ရပ်ကွက်သားများက မြေညှိ ပေးခဲ့ပါသည်။ ၄င်းမြေကို ဂေါတမမြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်ရှိတော် မူပြီးနောက် နေရာဌာန(၇)ခုတွင် (၇)ရက်စီ စံပါယ်သီတင်းသုံးတော်မူဟန် ရုပ်ပွါးတော်များ ကို တည်ထားရန် သတ်မှတ်ပြီး ကုန်းတော်ကိုလည်း သတ္တဌာန ဘုရား ကုန်းမြေဟု သတ်မှတ်ခဲ့သည်။ တည်ထားသော သတ္တဌာန ဘုရားများမှာ
၁။အလယ်တွင် ဗောဓိပင်နှင့် ရွှေပလ္လင်၊
၂။အနောက်မြောက်ထောင့်တွင် ရတနာဃရ စံအိမ်၊
၃။မြောက်ဖက်ထောင့်တွင်ရတနာစင်္ကမစင်္ကြံ၊ ၄။အရှေ့မြောက်ထောင့်တွင်အနိမိဿ ကုန်းတော်၊
၅။ အရှေ့ဖက်တွင် အဇပါလဆိတ်ကျောင်းညောင်ပင်၊
၆။အရှေ့တောင်ဘက်တွင် မုဉ္စလိန္ဒာအိုင်နှင့်
၇။အနောက်တောင်ဘက်တွင် ရာဇာယတန လင်းလွန်းပင် တို့ကို အသီးသီး တည်ထားခဲ့ပါသည်။ သတ္တဌာနဘုရားများအပြင် စက်တော်ရာ(ခြေတော်ရာ) ကိုပါ ထည့်သွင်း တည်ထား ခဲ့ပါသည်။
မြတ်စွယ်တော်ရောက်ရှိလာခြင်း
        မြန်မာသက္ကရာဇ် ၁၂၆၀ခု (ခရစ် ၁၈၉၈) တွင် သရက်မြို့ သမာဓိမြို့ဝန် ဦးထွန်းအောင်ကျော်နှင့် ဇနီး ဒေါ်သက်ရှည် တို့သည် သီရိလင်္ကာနိုင်ငံ မြတ်စွာဘုရား၏ လက်ဝဲစွယ်တော် ကိန်းဝပ်တော်မူသော ဂန္ဓကုဋိ တိုက်ရှိရာ ကန္ဒီမြို့ သို့ ရောက်ရှိပြီး သုံးရက်တိုင်တိုင် ဥပုသ်သီလ ဆောက်တည် လျှက် နေထိုင်ခဲ့ပါသည်။ ဦးထွန်းအောင်ကျော်နှင့် အဖွဲ့  ဘာသာတရားကိုင်းရှိုင်းပုံကို တွေ့မြင်သော ဗုဒ္ဓဘာသာ အင်္ဂလိပ်လူမျိုး အရှင်မဟာဥပတိဿမထေရ်ကဘုရင်ခံချုပ်ထံခွင့်ပန်၍ မြတ်စွာဘုရား၏စွယ်တော်အစစ်နှင့်လုံးရပ်သဏ္ဍာန်   ရောင်လျှံအဆင်းတူသော စွယ်တော်ပွါးတစ်ဆူကို စီမံ၍ စွယ်တော်အိမ်တွင် ဓါတ်တော်များပါ ထည့်သွင်း၍ စွယ်တော်အစစ်နှင့်အတူ (၄၉)ရက်တိုင်တိုင် ကိန်းအောင်းတော်မူရာ ဦးထွန်းအောင်ကျော်နှင့်အဖွဲ့လည်း ၄၉ရက်လုံး ဥပုသ် သီလ ဆောက်တည်၍ နေခဲ့ပါသည်။ (၄၉)ရက်ပြည့်လျှင် အရှင်ဥပတိဿမထေရ် လွှဲအပ်ပေးသော စွယ်တော်ပွါးရတနာကို စွယ်တော်ကြုတ်အတွင်း အမွှေးနံ့သာများ ထည့်သွင်းပူဇော်ပြီး မြန်မာနိုင်ငံသို့ ပင့်ဆောင်လာခဲ့ပါသည်။
        သရက်မြို့နေအိမ်သို့ ရောက်ရှိသောအခါ ပင့်ဆောင်လာသော မြတ်စွယ်တော်အား လာရောက်ဖူးမြော်သူ များပြားပြီး ဆရာတော် သံဃာတော်များက အိမ်နှင့်စွယ်တော် မသင့်လျော်ကြောင်း၊ အများပြည်သူ ဖူးမြော်နိုင်ရန် သရက်မြို့ ရွှေဘုံသာဘုရားတန်ဆောင်းတွင် ပင့်ဆောင် ထားရှိရန် တိုင်ပင်ကြပြီး ရွှေဘုံသာ ဘုရားတန်ဆောင်းမှာ ကျဉ်းမြောင်းသဖြင့် သတ္တဌာနဘုရားတွင် ပင့်ဆောင်ထားရှိက ပိုမိုသင့်လျော်၍ သတ္တဌာနဘုရား အကျိုးဆောင်များ ထံ  ၁၂၆၁ခု တန်ဆောင်မုန်းလဆုပ် (၁၁)ရက်နေ့တွင် မီးခံသေတ္တာနှင့်တကွ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
        ငွေပန်းထိမ်ဆရာကြီး ဦးကျော်ဒင်နှင့် ဦးကျော့တို့က ဘော်ငွေသား (၃) ပိသာရှိ ဆင်ဖြူတော်စီး၍ ပန်းခိုင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ပြီး ပန်းခိုင်အလယ်တွင် စွယ်တော်ကိုပင့်ဆောင်လာ သော သိကြားမင်း ပုံ ထုလုပ်ကြရာ ပထမအကြိမ်တွင် မအောင်မြင်ပဲ ဒုတိယအကြိမ်တွင် အောင်မြင်စွာ ထုလုပ်နိုင်ခဲ့ပါသည်။ ၁၃၃၄ခုနှစ်တွင် သရက်မြို့ ဘုရားဒကာဦးဘအို.ဒေါ်စိန်၊ ပြည်မြို့ ဘုရားဒကာ ဦးဘတင်.ဒေါ်နှင်းကြည်၊ သားဦးစိုးနိုင်.ဒေါ်မြညို မိသားစုတို့က ရွှေချိန် (၅၀ကျပ်သား၊ ၁၄ပဲ၊ ၇ ရွေးရှိ ရွှေသားကလာပ် ပြုလုပ်ကာ မြတ်စွယ်တော်ကို ရွှေကလာပ်ပေါ် တင် ၍  ပူဇော်ခဲ့ပါသည်။
        မြတ်စွယ်တော်ကို မူလက ယခု သတ္တဌာန ဘုရားဂေါပက ရုံးဖွင့်လှစ်ရာ နေရာတွင် ဂန္ဓကုဋီတိုက်ပြုလုပ် ထားရှိခဲ့သော်လည်း မသမာသူတစ်စုက ခိုးယူခဲ့သဖြင့် ပိုမိုလုံခြုံသော အလျား(၇၀)ပေ၊ အနံ(၅၀)ပေရှိ ဂန္ဓကုဋီတိုက်အသစ်ကို (၂၃-၁၂-၁၉၉၀)ခုနှစ် စတင်တည်ဆောက်ခဲ့ရာ(၆-၁-၁၉၉၅)တွင်တည်ဆောက်ပြီးစီးပြီး ယခုအခါ ဂန္ဓကုဋီတိုက်သစ်တွင် မြတ်စွယ်တော် ကိန်းဝပ်စံပါယ်လျှက်ရှိပါသည်။
ဗုဒ္ဓပူဇနိယပွဲတော်များကျင်းပခြင်း
        သတ္တဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၂၅၁ခုနှစ်(ခရစ်၁၈၈၉ခုနှစ်) မှ စတင်၍ နှစ်စဉ်  ပြာသိုလဆန်း (၈)ရက်နေ့မှ ပြာသိုလပြည့်နေ့အထိကျင်းပခဲ့ပြီး ၁၃၅၁ခုနှစ်(ခရစ်၁၉၈၉ခုနှစ်)နှစ်တစ်ရာပြည့်၍ ဥာဏ်တော် ၁၀တောင် ၂မိုက်ရှိ ရာပြည့်စေတီကို   တည်ထားခဲ့ရာ (၂၇.၁၂.၁၉၈၉) တွင် ရေစက်သွန်းချခဲ့ပါသည်။ ပွဲတော်ရက်အတွင်း မြတ်စွယ်တော်ကို နံနက်(၈နာရီ)မှ ည(၁၀)နာရီအထိ အများပြည်သူ ဖူးမြော်ပူဇော်နိုင်ရန် စီမံဆောင်ရွက်ပေးခဲ့ပြီးည(၁၀)နာရီတွင်ဂန္ဓကုဋီတိုက်အတွင်းလုံခြုံစွာ ပြန်လည်သိမ်းဆည်းပါသည်။  မြတ်စွယ်တော် ကို  ၁၂၆၁ခုနှစ် (ခရစ်၁၈၉၉ခုနှစ်) မှစတင်၍ (၃)နှစ်တစ်ကြိမ် သရက်မြို့အတွင်း  ဒေသစာရီ လှည့်လည် အပူဇော်ခံ ခဲ့ရာ ယနေ့တိုင်ဖြစ်ပါသည်။ ပွဲတော်ရက် အတွင်း  အနယ်နယ် အရပ်ရပ်မှ နယ်လှည့် (၁၂)ပွဲ ဈေးသည်များ လာရောက်ပြီး အလှကုန်၊ လူသုံးကုန်၊ စားသောက်ကုန် အမျိုးမျိုး ရောင်းချကြပြီး ဇာတ်ပွဲများဖြင့် အလွန် စည်ကားသော ပွဲတော် တစ်ခုဖြစ်ပါသည်။
သတ္တဌာန ဘုရားသမိုင်းစာအုပ်မှ ထုတ်နှုတ်ဖေါ်ပြပါသည်။

၁၉၆၂ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ သရက်မြို့အခြေအနေ

၁၉၆၂ခုနှစ်မတ်လ (၂)ရက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာသည်။ ဆိုရှယ်လစ်အခြေခံ နိုင်ငံရေး လမ်းစဉ် ထုတ်ပြန်သည်။ ၁၉၆၃ခုနှစ်တွင် မတ်လ(၂)ရက်တွင် တောင်သူ လယ်သမား များ၊ အလုပ်သမားများ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ ပါဝင်ရန် ဖိတ်ခေါ်ကြေငြာခဲ့ရာ သရက်မြို့တွင် ဆိုရှယ်လစ် လမ်းစဉ်အရ ပါတီစည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်လာခဲ့ကြသည်။
၁၉၇၂ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေး စတင်အကောင်အထည်ဖေါ်သည်။ စနစ်သစ်အုပ်ချုပ်ရေးအရ သရက်မြို့နယ် လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းသည်။၁၉၇၃ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ သဖြင့် သရက်မြို့တွင်လည်း သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
၁၉၇၄ခုနှစ်မေလ(၂)ရက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆောင်သော အစိုးရပေါ်ပေါက်လာသဖြင့် သရက်မြို့နယ် ပြည်သူ့ကောင်စီ ဖွဲ့စည်းခဲ့သည်။ ခရိုင်အဆင့်ရုံးများကိုဖျက်သိမ်းပြီးမြို့နယ်ရုံးများသည် ပြည်နယ်/ တိုင်းရုံးများသို့ တိုက်ရိုက် ဆက်သွယ်တင်ပြဆောင်ရွက်ရသည်။
၁၉၇၉ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်တွင် သရက်မြို့ ပြည်သူ့အားကစား ကွင်းတွင် သောင်းကျန်းသူဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။
၁၉၈၀ခုနှစ်တွင် သရက်မြို့နယ်၌ စာမတတ်သူ ပပျောက်ရေး (အ သုံးလုံး) လုပ်ငန်း ဆောင်ရွက်ခဲ့ပြီး (၃၀-၁၂-၁၉၈၀) တွင် စာတတ်မြောက်မှု အောင်ပွဲ ကို သရက်မြို့ ဗိုလ်ချုပ်ပန်းခြံတွင် ပြုလုပ်ခဲ့သည်။
(၂၅.၅.၁၉၈၀) ခုနှစ်တွင် ပထမအကြိမ် မြို့နယ်သံဃာ ပေါင်းစုံ အစည်းအဝေးကို သတ္တဘုရား၌ ကျင်းပပြုလုပ်ခဲ့သည်။
(၂၁.၆.၁၉၈၀)တွင် သရက်မြို့ စုပေါင်းရုံးကြီးနှင့် ဘော်လုံးကွင်း တောင်ဖက်တွင် မြေကွက်လပ်များ တိုးချဲ့၍ အိမ်ယာများ ချထားပေးခဲ့သည်။
(၁၆.၇.၁၉၈၀)တွင် သရက်၊မင်းလှ၊မင်းတုန်း ဒေသတွင် စိုးမိုးခဲ့သော ဗိုလ်သက်ထွန်းသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌အလင်းဝင်ရောက်ခဲ့ပြီးထိုမှတစ်ဆင့်ခလရ(၄၄)သို့ ရောက်ရှိခဲ့သဖြင့်သရက်မြို့နယ်တွင် သောင်းကျန်းသူ ချုပ်ငြိမ်းပြီး နယ်မြေအေးချမ်းလာသည်။
၁၉၈၃ခုနှစ်တွင် တပ်မြေ အမှတ်(၂) အစိုးရမူလတန်းကျောင်းနှင့် အထက(၁)ကို ပူးပေါင်းဖွင့်လှစ်ခဲ့သည်။ အမက(၂) ကျောင်းsanction အစား အနောက်ရပ်တောင်ပိုင်း သီရိမင်္ဂလာ မူလတန်းကျောင်းကို (၁.၆.၁၉၈၃)တွင် စတင်ဖွင့်လှစ်ခဲ့သည်။
(၂-၃-၁၉၈၄)တွင် သရက်မြို့နယ် တလပါးတိုက်နယ်ဆေးရုံ စတင် ဖွင့်လှစ်သည်။   (၁.၆.၁၉၈၅)တွင် သရက်မြို့ မီးသတ်မျှော်စင် ဖွင့်လှစ်သည်။
(၂၈.၃.၁၉၈၅)တွင် ကုတင်(၁၀၀)ဆေးရုံ တိုးချဲ့ဆောင်သစ် ဖွင့်လှစ် ခဲ့သည်။
၁၉၈၈ခုနှစ်မတ်လ(၁၂)ရက်နေ့တွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်းရပ်ကွက် လူငယ်များ ပဋိပက္ခမှ စတင်၍ တိုင်းပြည် မငြိမ်မသက် စတင်ဖြစ်ပေါ်လာပြီး အရေးအခင်း စတင် ဖြစ်ပေါ်ခဲ့သည်။ သရက်မြို့တွင် (၁၉.၈.၈၈)ရက်နေ့မှ စတင်၍ ဆန္ဒပြ အရေးအခင်း ဖြစ်ပေါ်ပြီး (၁၈.၉.၁၉၈၈)တွင် တပ်မတော်အစိုးရက နိုင်ငံတော် အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူကြောင်း ကြေငြာခဲ့သဖြင့် သရက်မြို့မှ ဆန္ဒပြ အရေးအခင်းများ ပြီးဆုံးခဲ့သည်။

၁၉၄၈ခုနှစ်မှ ၁၉၆၂ခုနှစ်အထိ သရက်မြို့ အခြေအနေ

၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ခု မတ်လ (၂၈)ရက်နေ့ တွင် ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့သဖြင့် ပြည်တွင်းစစ် စတင်ခဲ့ပါသည်။ ၁၉၄၈ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် သရက်မြို့ ဘော်စတယ်တွင် တပ်စွဲထားသော ဗမာ့တပ်မတော် တပ်ရင်း(၁)မှ ခံတပ်နီ တော်လှန်ရေးအမည်ဖြင့် ဖဆပလ အစိုးရကို တော်လှန်ခဲ့ကြသည်။ ဗမာ့တပ်မတော်တပ်ရင်း(၁)၊ သရက်မြို့မှ ကွန်မြူနစ် လိုလားသူ များနှင့်  ပြည်သူ့ရဲဘော် (၃)ပါတီ  စုပေါင်း၍ သရက်မြို့ကို ဖဆပလအစိုးရ ထံမှ သိမ်းယူအုပ်ချုပ်ခဲ့သည်။
        ၁၉၄၉ခုနှစ်  ဖေဖေါ်ဝါရီလတွင် အမှုထမ်းပေါင်းစုံ သပိတ်ဖြစ်ပေါ်လာပြီး သရက်မြို့မှ ၀န်ထမ်းများ ပါဝင်ခဲ့ပြီး သပိတ်တွင် မပါဝင်လိုသော ၀န်ထမ်းများ ဖဆပလ အစိုးရရှိရာ ရန်ကုန်သို့ ထွက်ခွါသွားခဲ့ကြသည်။
        (၁၆.၃.၁၉၄၉)ခုနှစ်တွင် ဗမာ့လက်နက်ကိုင်တပ်ရင်း(၁)မှ “ဗိုလ်သက်ထွန်း” ဦးဆောင်သော အဖွဲ့သည် ဖဆပလ အစိုးရအား ဆန့်ကျင်၍ လက်နက်များနှင့် တောခိုပြီး ရခိုင်ရိုးမကို အခြေပြုပြီး နစ်ဖြူ အနောက်မြောက်တိုင်းစစ်ဌာချုပ် အမည်ဖြင့် လှုပ်ရှားခဲ့သည်။ နယ်မြေအေးချမ်းမှု မရှိ၍ သရက်မြို့ရှိ စာသင်ကျောင်းများ ပိတ်ခဲ့ရသည်။
        (၃)ပါတီ အုပ်ချုပ်ရေးကာလ (၂)နှစ် ခန့်အကြာ ၁၉၅၀ခုတွင် အချင်းချင်း သဘောထား ကွဲလွဲပြီး အချို့က အစိုးရထံလက်နက်အပ်နှံခဲ့ကြသည်။အစိုးရတပ်များကသရက်မြို့ကို၁၉၅၀ခု အောက်တိုဘာလတွင် ပြန်လည်သိမ်းယူပြီး နောက် (၆.၁၁.၁၉၅၀) တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အစိုးရတပ်များက အထကတွင် နေရာယူထားသဖြင့် ယခုရွှေဘုံသာအမက တည်ရှိရာနှင့် သတ္တဌာန ဘုရားတွင် (၃)လကြာမျှ ကျောင်းဖွင့်ခဲ့ရပြီးနောက်မှ အထက တွင် ကျောင်းပြန်လည် ဖွင့်လှစ်ခဲ့သည်။
        ၁၉၅၂-၅၃ခုနှစ်တွင် ပြည်တော်သာစီမံကိန်းအရသရက်မြို့နယ်တွင်အစိုးရ ပြည်တော်သာမူလတန်းကျောင်း များ ပေါ်လာခဲ့သော်လည်း ခြုံကြည့်လျှင် ၁၉၄၈ခု လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၂ခုကာလအတွင်းမှာ သရက်မြို့နယ် အတွင်း တည်ငြိမ်မှု ကင်းမဲ့ပြီး ကျီးလန့်စာစား နေခဲ့ရသော အခြေအနေ ဖြစ်ပါသည်။

သရက်မြို့ (၁၈၈၅ခုနှစ်မှ ၁၉၄၈ခုနှစ်ထိ အခြေအနေ)

၁၈၈၅ခု နိုဝင်ဘာလသီပေါမင်းပါတော်မူချိန်တွင်သရက်မြို့သည်အိမ်ခြေ(၇၀၀)ခန့်ရှိပြီးလူဦးရေ(၃၀၀၀၀)ခန့်   နေထိုင်လျှက်ရှိကြောင်းနှင့် နိုင်ငံခြားသားမှာ သုံးပုံတစ်ပုံ ခန့် ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုဖွံ့ဖြိုးလာသဖြင့် သရက်မြို့မဈေးကြီးကို ၁၈၈၅ ခုနှစ် တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။
၁၈၈၇ခုနှစ်တွင် သရက်ဂေါက်ကွင်းကို (၉)ကျင်းပါ ဂေါက်ကွင်းအဖြစ် ဖေါက်လုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးဂေါက်ကွင်း ဖြစ်သည်။
        ၁၉၂၆ခုနှစ်တွင် I C P ကုမ္ပဏီသည် သရက်မြို့တောင်ဖက် ၁၂မိုင် အကွာရှိ ပြရည် ကျေးရွာ၌ ပထမဆုံး ဓါတ်ငွေ့ တူးဖေါ်အောင်မြင်ခဲ့သည်။ သရက်မြို့အနီး ထုံးတောင်ဒေသတွင် ထုံးကျောက်အများအပြား တွေ့ရှိခဲ့ခြင်း အပေါ် အခြေတည်လျက် ဒိန်းမတ်နိုင်ငံ  F.L Smith Co. မှတစ်နှစ်လျှင်တန်ချိန်(၆၀၀၀၀)ကျဘိလပ်မြေစက်ရုံကို   ပေါင် (၃၅)သိန်းဖြင့် တည်ဆောက်ခဲ့ရာ ၁၉၃၇ခုနှစ် ဖေဖေါ်ဝါရီလတွင် တည်ဆောက်ပြီးစီးခဲ့သည်။
        ၁၈၈၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော SPG အထောက်အပံ့ခံ (၄)တန်း အထိ ပညာသင်ကျောင်းကို ၁၉၂၃ခုနှစ် တွင် အထက်တန်းဆင့်ထိ တိုးမြင့်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး အထက်တန်းကျောင်းအုပ်မှာ ဦးဖိုးချစ် ဖြစ်ပါသည်။ ထိုအချိန်၌ သရက်မြို့တွင် ကာလ၀မ်းရောဂါ ကပ် ကျရောက်ခဲ့သဖြင့် အထကကျောင်းကို ယခုအထကကျောင်း၏ အနောက်ဖက် ဘော်လုံးကွင်းနေရာတွင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။  ယခုအထက(၁)ကျောင်း တည်ရှိရာ နေရာ တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီး ၁၉၂၄ခုနှစ်တွင် မြန်မာနိုင်ငံ ဘုရင်ခံချုပ် ဆာ.အာကုတ်ဘတ်တလာ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သည်။ စတင်ဖွင့်လှစ်ခဲ့သည့် အချိန်တွင် ဆရာ/ဆရာမ (၁၄)ဦး ရှိပြီး ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးခန့် ရှိကြောင်း မှတ်တမ်းများအရ သိရှိ ရပါသည်။
        ၁၉၄၅ခုနှစ် မတိုင်မီ အထိ သရက်မြို့၌ အင်္ဂလိပ်-မြန်မာအစိုးရ အထက်တန်းကျောင်း(ယခု အထက.၁)၊ ဦးတက်တိုးကျောင်း(ခေါ်) တိုင်းရင်း မြန်မာ အထက်တန်းကျောင်း (ယခုအလက.၁)၊ ဦးမင်းတိုင်း ကျောင်း (ခေါ်) တိုင်းရင်းမြန်မာ အလယ်တန်းကျောင်း (ယခုမရှိတော့ပါ)၊ A.B.M ကျောင်း (ခေါ်) ခရစ်ယာန်သာသနာပြုကျောင်း (ယခု ချင်းကျောင်း (ခေါ်) အနမ မူလတန်း ကျောင်း)၊ ရိုမန်ကက်သလစ်သာသနာပြုကျောင်း (ခေါ်) စိန်မေရီ ကျောင်း (ယခု အလက.၃)တို့သာရှိပြီး ကျေးရွာများတွင် ဘုန်းတော်ကြီး ကျောင်း ပညာရေးကိုသာ အားထားခဲ့ရသည်။
        သရက်မြို့နယ်၏ ပထမဆုံး နေရှင်နယ်(ခေါ်) အမျိုးသားကျောင်းကို ၁၉၂၀ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့သော ဆရာ၊ဆရာမများ ဦးဆောင်၍ ၁၉၂၁ခု-တွင် ယခုရွှေဘုံသာဘုန်းကြီးကျောင်းနေရာတွင် ဖွင့်လှစ် ခဲ့သော်လည်း ၁၉၂၅ခုနှစ်တွင် အစိုးရအထောက်အပံ့ ယူရေး/ မယူရေး သဘောထားကွဲလွဲပြီး အငြင်းပွါး၍ အမျိုးသားကျောင်းလဲ ပျောက်ကွယ်ခဲ့ရပါသည်။
       ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ကူးစက်လာသဖြင့်၁၉၄၂ခုတွင် ကျောင်းများအားလုံးပိတ်ခဲ့ရပြီး၁၉၄၅ခုနှစ်တွင်   ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည်။သီပေါဘုရင် ပါတော်မူပြီးနောက် လွတ်လပ်ရေးရရှိရေး နိုင်ငံနှင့်အ၀ှမ်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ သရက်မြို့နယ်မှ မျိုးချစ်ပုဂ္ဂိုလ် များလဲ တက်ကြွစွာ ပါဝင်ခဲ့ကြသည်။
           ၁၉၂၂ခုနှစ် (၁၂၈၄ခု တန်ဆောင်မုန်းလဆုတ် ၆ ရက်) နေ့တွင် GCBA အထူးကွန်ဖရင့် အစည်းအဝေးကြီးကို သရက်မြို့၌ ကျင်းပခဲ့ပြီး အစည်းအဝေးကြီးမှ အင်္ဂလိပ်တို့၏ ဒိုင်အာခီအုပ်ချုပ်ရေးကိုကန့်ကွက်ပြီး ဟုမ်းရူး(Home Rule) (ခေါ်)ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းခံကြောင်း ဆုံးဖြတ်ခဲ့ ကြသည်။
           ၁၉၃၀ခု ဂဠုန်ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံတွင် သရက်မြို့နယ် မင်းတည်း ရွာမှ ဦးစံမြိုင်၊ အင်းမငယ်ရွာမှ ဦးစံဖေတို့ ဦးဆောင် ပါဝင်ခဲ့ကြသဖြင့် နယ်ချဲ့တို့၏ ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရပြီး ကျန်တော်လှန်ရေးအဖွဲ့မှာ ကဝေတောင်တွင်  အခိုင်အမာ တပ်စွဲရပ်တည်ခဲ့ကြသည်။
        ၁၃၀၀ပြည့် အရေးတော်ပုံတွင်  သရက်မြို့မှ သခင်လှမောင်ကြီးနှင့် သခင်သိန်းအောင်တို့ တက်ကြွစွာ ပါဝင် ခဲ့ကြသည်။
        ရေနံမြေသပိတ်ကာလအတွင်း သရက်နှင့် အောင်လံ ဒေသ တို့၌လည်း သပိတ်တိုက်ပွဲများ ဆင်နွှဲခဲ့ရာ နယ်ချဲ့အင်္ဂလိပ်တို့က နံပါတ်တုတ်ဖြင့် ရိုက်နှက် နှိမ်နင်းခဲ့သဖြင့် အောင်လံမြို့မှ သခင်ဗဖိုး ကျဆုံးခဲ့သည်။ သခင်ဗဖိုး၏ အသုဘကို သရက်မြို့မှ မျိုးချစ်လူငယ်များ သွားရောက်ပို့ဆောင်ပြီး သရက်မြို့သို့ လှေဖြင့်အပြန် အင်္ဂလိပ်တို့က မြနန္ဒာ သင်္ဘောဖြင့် ၀င်တိုက်ခဲ့ရာ သရက်မြို့မှ မျိုးချစ် အမျိုးသား၊အမျိုးသမီး (၁၃) ဦးလှေမှောက် သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
         ၁၃၀၀ပြည့်အရေးတော်ပုံပြီး၍မရှေးမနှောင်းကာလတွင် ဒေါက်တာဗမော်၏ဓါးမပါတီ ပေါ်လာပြီးသရက်မြို့နယ် သို့ လာရောက်စည်းရုံးရာ သရက်မြို့ပေါ်မှ တစ်ဦးစ နှစ်ဦးစ မှအပ လက်ခံခြင်းမရှိသလောက်ဖြစ်ပြီး ကျေးရွာများမှ အချို့  ဓါးမပါတီသို့ ၀င်ခဲ့ကြသည်။ ဓါးမပါတီ၏ သရက်မြို့နယ် တာဝန်ခံ ခေါင်းဆောင်မှာ ဦးသာညို(သရက်မြို့) နှင့် ဦးအောင်ဆိုင် (တလပါး)တို့ ဖြစ်ကြောင်း သိရှိရပါသည်။
         ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်ပြီးနောက် ဂဠုန်တပ်ဖွဲ့ ဖွဲ့ရန် ဂဠုန်ဦးစော ကိုယ်တိုင် သရက်မြို့သို့ လာရောက် စည်းရုံးရာ သရက်မြို့သူ၊မြို့သားများက လုံးဝ လက်မခံသည့် အပြင် သံပုံးတီး ကန့်ကွက် မောင်းထုတ်ခဲ့ကြသည်။ (မှတ်ချက်။ တစ်ခြားအချက်တွေကို အသာထား ဒီတစ်ချက်ထဲနဲ့တင် သရက်မြို့သူ မြို့သားများကို ဦးညွတ် အလေးပြု ပါတယ်ဗျာ..)
          ၁၉၄၂ခုနှစ် ဂျပန်တပ်နှင့် ဗမာ့တပ်မတော်(BIA) သရက်မြို့သို့ ရောက်ရှိလာသောအခါ သရက်မှ လူငယ် အများ အပြား ဗမာ့တပ်မတော်သို့ ၀င်ရောက်ခဲ့ကြသည်။ ဂျပန်များ သရက်မြို့တွင်အခြေစိုက်ပြီး (၂)လခန့်အကြာ တွင် ဂျပန်များကို လက်မခံနိုင်သော သရက်မြို့မှ လူငယ်များသည် ဂျပန်များကို သုတ်သင်ရန် လျို့ဝှက်အဖွဲ့ကို ရတနာမာန်အောင်ဘုရား အတွင်းဖွဲ့စည်းခဲ့သည်။ လျို့ဝှက်အဖွဲ့နှင့် ဌာနချုပ်အဖွဲ့များ ဆက်သွယ်၍ ဂျပန်ဆန့်ကျင် သုတ်သင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
           ထိုစဉ်က ဗမာ့တပ်မတော်တပ်ရင်း(၆) သရက်မြို့တွင် တပ်စွဲခဲ့ပြီး သရက်မြို့မှ လူငယ်များနှင့် အတူ ဂျပန်တော်လှန်ရေး ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ခုနှစ်တွင် မြန်မာ့သမိုင်း၏ အဓိက မှတ်တိုင် တစ်ခု ဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖတပလ) ကို ဗိုလ်မှူးစိန်ဝင်း ဦးဆောင်၍ သရက်မြို့နယ် ပေါက်ဦးကားကျေးရွာ မြောက်ဖက် ငှက်ပျောဥယျာဉ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် သရက်မြို့မှ ဦးဘအောင်က အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ဥက္ကဌမှာ ဒုတိယဗိုလ်မှူးကြီး တင်ဦးဖြစ်သည်။
           ၁၉၄၅ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် ဖက်ဆစ်ဂျပန်အား လက်နက်ကိုင် တိုက်ပွဲဆင်နွှဲရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်ဖွဲ့သည် သရက်မြို့နယ် ပုဏ္ဏားကျေးရွာသို့ရောက်ရှိလာပြီး ၁၉၄၅ခု မတ်လ(၂၇)ရက်    နေ့တွင် ထိုစဉ်က ပုဏ္ဏားရွာသူကြီး ဦးငွေလှိုင် (အချို့က ဦးဖိုးလှိုင်ဟုပြောပါသည်။) အား သက်သေ ထား၍ စစ်ကြေငြာခဲ့သည်။ (မှတ်ချက်။ ပုဏ္ဏားရွာတွင် စစ်မကြေငြာမီ ဗိုလ်ချုပ်အောင်ဆန်းက ရန်သူပေမဲ့ စစ်မကြေငြာပဲတိုက်ရင် လူကြီး လူကောင်းမပီသဘူး၊ ဒါကြောင့် စစ်ကြေငြာပြီးမှ တိုက်ရမယ် ဟုပြောခဲ့ကြောင်း သိရှိရပါသည်။)၁၉၄၅ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်ဂျပန်တို့ အင်္ဂလိပ်ထံ လက်နက်ချသဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသဖြင့် ဖတပလနှင့် ဂျပန်စစ်ပွဲလဲ ပြီးဆုံးခဲ့သည်။
၁၉၄၅ခုနှစ် သြဂုတ်လတွင် သရက်မြို့ အစိုးရအထက်တန်းကျောင်းကြီး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းအုပ်ကြီးမှာ ဦးဘထွန်း ဖြစ်ပါသည်။
၁၉၄၆ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် သရက်မြို့သူမြို့သားများအတွက် ဗဟုသုတ စာဖတ်ခန်းတစ်ခု တည်ထောင်ပြီး ယင်းစာဖတ်ခန်းမှာ သရက်မြို့တွင် ယနေ့တိုင် သက်တမ်းကြာရှည်စွာ တည်ရှိသော သဟာယ စာဖတ်ခန်း ဖြစ်ပါသည်။ အသင်းဝင်(၇၀)ဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အဖွဲ့ ဥက္ကဌမှာ ဦးစံတင့်ဖြစ်ပါသည်။
၁၉၄၆ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့တွင်  ရန်ကုန်မြို့ ရွှေတိဂုံ အလယ်ပစ္စယံတွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ် ညီလာခံသို့ သရက်မြို့မှ ဦးဘကျော်၊ ဦးကြင်ဟန်နှင့် ဦးဘအောင်တို့ တက်ရောက်ခဲ့သည်။
၁၉၄၈ခု ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါသည်။

သရက်မြို့တည်ပြီးသည်မှ ၁၈၈၅ခုနှစ် သီပေါဘုရင် ပါတော်မူသည်အထိ

အမ္ဗသီရိန် မင်းဆက်များဖြစ်သော ဒေ၀ကံသမင်းဆက် ပျက်သုန်းသွားသော အခါ တစ်ချိန်ကစည်ကားခဲ့သော သရက်မြို့သည် ပုဂံခေတ်ဦးပိုင်း ကာလအထိ ရွာ ကလေးတမျှသာ ရှိခဲ့လေသည်။ ပုဂံခေတ် သက္ကရာဇ် ၆၆၀ ခုနှစ်တွင် ပုဂံမင်းဆက် ကျော်စွာမင်းနန်းကျပြီး ကျော်စွာမင်းနှင့် မိဘုရားဖွါးစောတို့၏ သားတော်အကြီး စောနှစ် ပုဂံမင်းဖြစ်လာပြီး သားတော်အငယ် မင်းရှင်စော အား သရက်မြို့ကို စားစေသည်။ မင်းရှင်စောသည် ရှင်မြတ်လှ နှင့် စုံဖက်၍ သရက်မြို့တွင် နေလေသည်။ သက္ကရာဇ် ၆၆၂ ခုနှစ် တွင် မင်းရှင်စောက သရက်မြို့ကို ဓါးမ ၃၀၀ ၊ ပေါက်တူး ၃၀၀ ၊ ပုဆိန် ၃၀၀ တို့ဖြင့် မြို့ကိုပြုပြင်ပြီး ပြန်လည်တည်ထောင်ခဲ့သဖြင့် သရက်မင်းရှင်စော ဟု အမည်တွင်လေသည်။ ထို့အပြင် အတွင်းစည်းခုံစေတီ (ယခုဆုတောင်းပြည့်ဘုရားဝန်းအတွင်းရှိ စေတီ)၊ အပြင်စည်းခုံ (ယခုရွှေဘုံသာစေတီ၊ အချို့ကလည်း အပြင်စည်းခုံမှာ ရွှေဘုံသာစေတီနှင့် လမ်းတစ်ဖက် တစ်ချက်ရှိ စေတီတစ်ထောင်ဟု ဆိုသည်။ ကျုံးကြီးလမ်း အတွင်း အပြင်နှင့် ခွဲပါက အပြင်စည်းခုံ မှာ ရွှေဘုံသာစေတီက ပိုမိုဖြစ်နိုင်သည်ဟု ယူဆပါသည်။ သိရှိသူများအမှားပြင်နိုင်ပါသည်။)၊ ကျုံး (ယခုပဲ့ထောင်ဆိပ် အတက်လမ်းမှ ရွှေဘုံသာဘုရား မြောက်ဖက်လမ်းသည် ကျုံးကြီးလမ်း ဟုခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည်။) ၊ဆင်ချဆိပ် (ယခုပဲ့ထောင် ဆိပ်နေရာ) တို့ကို နန်းမြို့ အင်္ဂါရပ် နှင့် အညီ ပြုပြင် တည်ဆောက် ခဲ့သည်။
ပုဂံတွင် ကျော်စွာမင်းနန်းကျချိန်တွင် စည်းလုံးညီညွတ်မှု ပျက်ပြားသည်ကို သိရှိသော ရခိုင်မင်းသည် သရက်မြို့ကို တိုက်ခိုက်ပြီး မင်းရှင်စောကို သားမယားနှင့် တကွ ရခိုင်သို့ ခေါ်ဆောင်သွားလေသည်။
        ထိုစဉ်က မင်းရှင်စောတွင် သားတော်ကြီးမြင်းစိုင်း၊ သားတော်လတ် စောရနောင်၊ သားတော်ငယ် စော်ကဲ ဟူ၍ သား(၃)ယောက်ရှိပါသည်။ သက္ကရာဇ် ၇၂၉ ခုနှစ်တွင် အင်းဝ၌ သတိုးမင်း အနိစ္စ ရောက်သောအခါ ရမည်းသင်း မြို့စား သီလ၀ ကို မင်းပြုရန် တောင်းပန်သော်လည်း လက်မခံသဖြင့် သီလ၀၏ ယောက်ဖ မင်းရှင်စော၏ သားတော်လက်ရုံးရည်နှလု့းရည်နှင့်ပြည့်ဝသော စော်ကဲကို မင်းမြှောက်ရာ မင်းကြီးစွာစော်ကဲ ဟု အမည်တွင်လေသည်။ (မှတ်ချက်။ စော်ကဲသည် မထင်မှတ်ပဲ မင်းအဖြစ်ကို ရရှိသဖြင့် မြန်မာစကားပုံတွင် မရွယ်ပဲစော်ကဲမင်းဖြစ် ဟူသော စကားပုံ တစ်ခုပေါ်လာလေသည်။ ထိုစကားပုံသည် သရက်မြို့နှင့်ဆက်စပ်နေသည် ကို မသိသေးသော သရက်သူသရက်သားများ သိရှိဂုဏ်ယူစေလိုပါသည်။)
        စော်ကဲ မင်းအဖြစ်ကိုရောက်ရှိသော်ရခိုင်မင်းသည်သက်တော်ကြီးပြီ ဖြစ်သောမင်းရှင်စောကို ပြန်လွှတ်သဖြင့် သရက်မြို့သို့ပြန်လည် ရောက်ရှိလာပြီးနောက်ရခိုင်မင်းလက်သို့ရောက်ပြီးမှအသက်ဘေးမှ ပြန်လွတ်လာရသည်ဟု   အောက်မေ့ ပြီး သားတော် စော်ကဲမင်းနှင့်အတူ သရက်မြို့၌ သက်လွတ်ဘုရား ဟုဘွဲ့အမည်ပေးပြီး တည်ထား ကိုးကွယ် လေသည်။ ယခု ဧရာဝတီမြစ်ကမ်းဘေး၌ရှိသော ရွှေသက်လွတ် ဘုရား ဖြစ်ပါသည်။
        ထို့နောက် ရှေးကုသိုလ်အကြောင်းအရင်း ကောင်းသောကြောင့်မိမိနန်းမြို့ကို ပြန်လည်ရောက်ရသည်ဟု   အောက်မေ့၍ ရွှေသက်လွတ်ဘုရား၏ တောင်ဖက်မြစ်ကမ်းနဖူးယခုမြန်မာရေကြောင်းရုံးအနီးတွင် ရှေးရင်းကောင်း (ရွှေရင်ခေါင်း) စေတီတည်ထားကိုးကွယ် လေသည်။ ရှေးရင်းကောင်းခေါ် ရွှေရင်ခေါင်း စေတီသည် မြစ်ရေတိုက်စားပြီး ပျက်သုန်းသွားပြီ ဖြစ်ပါသည်။ (မှတ်ချက်။ မှန်နန်းရာဇ၀င်. ပထမတွဲ၊ စာ-၃၉၅ မှ ၄၄၅ထိ တွင် ဖေါ်ပြထားချက်ကို ကိုးကားဖေါ်ပြခြင်းဖြစ်ပါသည်။)
        သရက်မြို့သည် ပုဂံခေတ်နောက်ပိုင်း ပင်းယခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် အထိ သရက်မြို့သည် မင်းဆက်ပြတ်ခဲ့ပြီး မြို့စားများနှင့်သာ အုပ်ချုပ်ခဲ့လေသည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် အင်္ဂလိပ်-မြန်မာ ပထမ ကျူးကျော်စစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယ ကျူးကျော်စစ် ကာလများတွင် စစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီး ဒုတိယကျူးကျော်စစ်အပြီးတွင်အင်္ဂလိပ်လက်အောက်စတင်ကျရောက်ခဲ့ကာအထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အင်္ဂလိပ်-မြန်မာ နယ်ခြားမြို့ ဖြစ်ခဲ့သည်။ အင်္ဂလိပ် လက်အောက် စတင် ကျရောက်ချိန်တွင် သရက်မြို့၌ အိမ်ခြေ ၂၁၀ ခန့်သာ ရှိတော့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
       အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပြီးနောက်နယ်ခြားဈေးမြို့တစ်မြို့ ဖြစ်လာပြီးကုန်စည်ကူးသန်းရောင်းဝယ်ရာ အဓိကမြို့ဖြစ်လာပြီး ပြန်လည် စည်ကားလာခဲ့သည်။ ထိုစဉ်က နာမည်ကျော်ကြားခဲ့သော သရက်ထည် မှာ အိန္ဒိယ ကုန်သည်များ အိန္ဒိယတောင်ပိုင်းမှ သယ်ဆောင်လာသော ဆေးဆိုးပွင့်ရိုက်အထည်စများကိုအထက်မြန်မာပြည်သို့ သရက်မြို့မှတစ်ဆင့် စတင်ဖြန့်ဖြူးခဲ့သဖြင့် သရက်ထည် ဟု ခေါ်တွင်လာခဲ့ခြင်း ဖြစ်ပါသည်။
        သရက်မြို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်ချိန်တွင် သရက်မြို့၌ မြို့စား မောင်သိုင်းနှင့်ဇနီးမဦးဒေါ်မြတို့ ရှိပြီးအင်္ဂလိပ် တို့က မောင်သိုင်းကို မြို့ဝန် အဖြစ် တာဝန်ပေးခန့်ထားရာ ယခုဝါစက်ရုံ အရှေ့ဖက်ရှိ အိမ်ကြီးတွင် နေထိုင်ခဲ့ကြောင်း သိရှိရပါသည်။(သက်ကြီးရွယ်အိုများကို မေးမြန်းသောအခါ ယခု ပဆငဧည့်ရိပ်သာတည်ရှိရာနေရာဖြစ်ကြောင်း သိရှိရပါသည်။ ဧည့်ရိပ်သာ မဆောက်မီက ပျဉ်ထောင်အိမ်အိုကြီး တစ်လုံးရှိခဲ့ပြီး ဆရာဝန်များ နေခဲ့ဘူးသည်ဟု သိရှိရပါသည်။အိမ်အိုကြီး၏မှတ်တမ်းဓါတ်ပုံစုံစမ်းဆဲဖြစ်ပြီးမရရှိသေးသဖြင့်မဖေါ်ပြနိုင်ပါ။သိရှိသူများရှိပါက ဖေါ်ပြပေး ပါရန်။)  ၄င်းအိမ်ဘေးရှိ ကန်မှာ မြို့ဝန်မောင်သိုင်း မိချောင်း မွေးမြူခဲ့သော ကန်ဖြစ်ပြီး ယခုအကျဉ်းဦးစီးဌာနမှ ငါးမွေးမြူလျှက် ရှိပါသည်။
       မြို့ဝန်ဦးသိုင်းမိသားစုမှ ရွှေသက်လွတ်ဘုရားအနီးယခုနှစ်စဉ် ညောင်ရေသွန်းပွဲတော်ကျင်းပရာ ဗောဓိပင်ကြီး၏ အရှေ့ဖက်တွင် မြချမ်းသာ စေတီတော် တည်ထားကိုးကွယ်ခဲ့ပါသည်။ ၁၈၅၂ခုနှစ်ခန့်တွင် ထိုနေရာ၌ အင်္ဂလိပ်တို့က အရေးပိုင်ရုံးတည်ဆောက်လိုသဖြင့် လျှောက်လွှာစာရေးဦးဘိုးချက်အားကန်ထရိုက်ပေး၍ ရွှေ့ပြောင်းစေရာ မြချမ်းသာ   စေတီ ဌာပနာအတွင်းမှ ဆီစိမ်ထားသော ဆံတော် အခွေ တစ်ခုရရှိပြီး ၄င်းဆံတော်ကို ဌာပနာ၍ ယခု သတ္တဌာနဘုရားဝန်း ယဉ်ကျေးမှုကဇာတ်ရုံ အရှေ့ဖက်တွင် မြချမ်းသာစေတီ ကို တည်ထားခဲ့ရာ ယခုတိုင် ဖူးမြော်နိုင်ပါသည်။(မြချမ်းသာဘုရားတည်ရှိခဲ့သော နေရာတွင် ခြင်္သေ့ရုပ်များရှိပြီး ယခုအခါ  ၄င်းခြင်္သေ့ရုပ်များကို   ညောင်ပင်များက ၀ါးမြိုထားသည်ကို တွေ့ရှိရပါသည်။)( ၁၈.၁၀.၂၀၁၁ ရက်နေ့တွင်ထပ်မံဖြည့်စွက်ချက်။ သတ္တဌာနဘုရားသမိုင်း စာအုပ်တွင် ၁၈၀၀ ပြည်နှစ် ရွှေရင်ခေါင်း စေတီကို သတ္တဌာနဘုရားဝန်း အတွင်း ပြောင်းရွှေ့တည်ထားသည်ဟု ဖေါ်ပြထားပါသည်။)
      သရက်မြို့ကို၁၈၇၀ခုနှစ်တွင်ခရိုင်ရုံးစိုက်ရာမြို့အဖြစ်သတ်မှတ်ခဲ့ပါသည်။ ခရိုင်ဝန်ရုံးနှင့် လက်အောက်ခံရုံးများ၊ တရားရုံးတို့မှာ ရွှေသက်လွတ်ဘုရား အနီးဖြစ်ပြီး ယခုအခါ အဆောက်အဦးများ မရှိတော့ပဲ ဖေါင်ဒေးရှင်း အုတ်ခုံများ သာ ကျန်ရှိပါသည်။၎င်းနေရာအနီးတွင် လယ်ဝန်ရုံး (ယခုမြေစာရင်းရုံး)နှင့် တည်းခိုရန် ဘန်ဂလို (ယခု   ဆောက်လုပ်ရေး ဘန်ဂလို)တို့သာ ကျန်ရှိပါသည်။ ယခုရွှေရင်အေး ဘုရားအ၀င်တွင်ရှိသော သံတဲမှာ ပြည်မြို့တွင် ရုံးထိုင်သော စက်ရှင် တရားသူကြီးက တစ်လလျှင် (၁) ကြိမ်မှ (၂)ကြိမ်ခန့်အထိ လာရောက်ရုံးထိုင်၍ သေဒဏ်၊ ကျွန်းဒဏ်နှင့် (၇)နှစ် အထက် အမှုကြီးများ စစ်ဆေးသော စက်ရှင်တရားရုံးဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ (သရက်မြို့ရှိ သက်ကြီးပုဂ္ဂိုလ်များက  အင်္ဂလိပ်အစိုးရနှင့်တွေ့ဆုံရန် ကုန်းဘောင်မင်းဆက်၏ သံတမန်များ လာရောက်သည့်အခါ တွေ့ဆုံရာ တည်းခိုရာဖြစ်၍ သံတဲဟု ခေါ်သည်ဟု ပြောဆိုကြသော်လည်း ခိုင်မာသောအထောက်အထားမတွေ့ရပါ။ ခိုင်မာသော အချက်အလက် ရှိပါက ထပ်မံ ဖြည့်စွက်ကြပါရန်။)
၁၈၅၇ခုနှစ်တွင် အင်္ဂလိပ်တို့က သရက်မြို့၌ ခံတပ်တစ်ခု တည်ဆောက်ခဲ့ ပါသည်။ (၄င်းခံတပ်ကို ၁၉၅၇ ခုနှစ်တွင် လူငယ်များစာရိတ္တ ပြုပြင်ရေးကျောင်း(ကလေးထောင်)ဖွင့်လှစ်ခဲ့ပြီးပထမဦးဆုံးကျောင်းအုပ်မှာဦးငြိမ်းဟန် ဖြစ်ပါသည်။ ၁၉၇၃-၇၄တွင် ၄င်းကျောင်းကို ကော့မှူးမြို့နယ် ငှက်အော်စမ်းသို့ ပြောင်းရွှေ့ဖွင်လှစ်ခဲ့သဖြင့်၎င်းကျောင်းနေရာတွင်  ခလ၇(၄၄)မှ အခြေစိုက်ခဲ့ရာ ယနေ့ထိဖြစ်ပါသည်။)
 ၁၈၆၉ခုနှစ်တွင် သရက်အကျဉ်းထောင်တည်ဆောက်သည်။
အကျဉ်းထောင် အုတ်ရိုးတူးရာတွင် ထွက်လာသော မြေကြီးများကို ယခု သတ္တဌာနဘုရားတည်ရာ အရပ်သို့ သယ်ယူ မြေဖို့ပြီး အနောက်ရပ်တောင်ပိုင်း ရပ်ကွက်မှဗုဒ္ဓဘာသာ လူငယ်များက မြေဖို့ မြေညှိရာတွင် လုပ်အားဒါန ပါဝင်ခဲ့ ကြသည်။ ၄င်းမြေဖို့ထားသောကုန်းတော်ပေါ်တွင် ဗေါဓိပင်နှင့် ရွှေပလ္လင်ကိုအလယ်မှာထား၍ မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ဌာန (၇) တွင် ခုနှစ်ရက်စီ သီတင်းသုံးတော်မူသော ရုပ်ပွါးတော်များကို တည်ထား ပါသည်။ (မှတ်ချက်။ သတ္တဌာန ဘုရားသမိုင်းတွင် ၁၉၈၉ခုနှစ် ၌ သတ္တဌာနဘုရား ရာပြည့်ပွဲတော် ကျင်းပခဲ့သည်ဟု ဖေါ်ပြထားသောကြောင့် ဘုရားရုပ်ပွါးတော်များတည်ထားပြီးသည့်ခုနှစ်မှာ ၁၈၈၉ခုနှစ်ဟု ယူဆတင်ပြ အပ်ပါသည်။)
        ၁၈၈၄ခုနှစ်တွင် SPG (St. Paul Gaspel)သာသနာပြုအဖွဲ့၏ အထောက်အပံ့ခံ (၄)တန်းအထိ ပညာသင်ကျောင်းကို ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းထောင့် (ယခု စည်ပင်ရုံး) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးဆုံး ကျောင်းအုပ်ဆရာကြီးမှာ မစ္စတာခရစ်ရှနား ဖြစ်ပြီး နောင်တွင် (၇)တန်းအထိ တိုးမြင့်ဖွင့်လှစ်ခဲ့ပါသည်။ သရက်မြို့၏ ပထမဆုံး စာသင်ကျောင်း ဖြစ်ပါသည်။
        မြန်မာအစိုးရပိုင် အထက်မြန်မာပြည်နှင့် အင်္ဂလိပ်အစိုးရပိုင် အောက်မြန်မာပြည်ကို သရက်မြို့ဖြင့် ပိုင်းခြား သတ်မှတ်ပြီး နယ်ခြားမှတ်တိုင်မှာ ရွှေဟသာင်္ကျွန်းအနီးတွင်ရှိပါသည်။အင်္ဂလိပ်အစိုးရလက်ထက်တွင်သရက်မြို့သည် တပ်မြို့ဖြစ်ပြီး ဂေါ်ရာစစ်သားအများအပြားထားရှိရာတပ်မြေသည်မြို့မြေနီးပါးကျယ်ဝန်းခဲ့ပါသည်။  ဂေါ်ရာစစ်သားအချို့ သည် သရက်မြို့မှ အမျိုးသမီးများကို လိုက်လံ နှောင့်ယှက်တတ်သဖြင့်စစ်သားများကိုမြို့အတွင်းသို့မသွားရောက်စေပဲ စစ်သားများအတွက် ဈေးတစ်ခုဖွင့်လှစ်ပေးရာယင်းဈေးနေရာကို ဂေါ်ရာဈေးရပ်ကွက်ဟု ခေါ်ပြီး၁၉၉၂မှစတင်၍   ပြည်တော်အေးရပ်ကွက်အဖြစ် ပြောင်းလဲခဲ့ပါသည်။
(Burma Gazzetteer ThaYetMyo နှင့် သရက်မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ မြို့နယ်သမိုင်း မှတ်တမ်းစာအုပ် (၁၉၉၂) နှင့် မှန်နန်းရာဇ၀င် စာအုပ်) ကို ကိုးကား တင်ပြခြင်း ဖြစ်ပါသည်။

သရက်မြို့ အမည်ဖြင့် မြို့ စတင်ဖြစ်ပေါ်လာပုံ

      တိဗက်- မြန်မာအနွယ်ဝင် မွန်ဂိုလွိုက်လူမျိုးစုတွင် ပါဝင်သော ပျူလူမျိုးတို့သည် အာရှတိုက် အလယ်ပိုင်းဒေသမှ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်အခြေချ နေထိုင်လာကြရာ မြေပြန့်ဒေသများ
ဖြစ်သော ဧရာဝတီမြစ်ဝန်းကျင်ဒေသ ရွှေဘိုဒေသမှ ပြည် အထိ ဖြန့်ကျက်နေထိုင်ခဲ့ကြသည်ဟု “ရှေးဟောင်းမြန်မာ ရာဇ၀င်နှင့် ယဉ်ကျေးမှုသုတေသနစာအုပ်၊ စာမျက်နှာ ၅၀” တွင် ဖေါ်ပြထားပါ သည်။   ဦးစွာ မြို့ပြနိုင်ငံများအဖြစ် ထူထောင်နိုင်ခဲ့ခြင်း မရှိသေးပဲ ရွာသိမ်၊ ရွာငယ်၊ အစု၊ အဖွဲ့ လေးများအဖြစ် စတင် အခြေချ ဖြန့်ကျက်နေထိုင်ခဲ့ကြရာ ယခု သရက်မြို့ ဖြစ်ပေါ်လာမည့် ဒေသတွင် “တောကျောင်းရွာ”  အမည်
ဖြင့် ဘော်စတယ်ခံတပ်နေရာ (ယခု ခလရ  ၄၄)တွင်၎င်း၊ “ရွှေခဲစုရွာ” အမည်ဖြင့် ယခု “ရွှေသက်လွတ်ဘုရား” တစ်ဝိုက်တွင်၎င်း နေထိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
     သရက်မြို့ ဖြစ်ပေါ်လာမည့် ဒေသတွင် “အမ္ဗသီရိန်ပြည်”ဟု ပေါ်ပေါက်ခဲ့ပြီး သရေခေတ္တရာ ပျက်သုန်း ချိန်တွင် အမ္ဗသီရိန်၌ ပျူမင်းသား “ဒေ၀ကံသမင်း” အုပ်ချုပ်နေချိန်ဖြစ်ပြီး   ဗေဒင်ပညာရှင်များက     “အရှင်မင်းကြီး.. သားတော် မွေးဖွါးလျှင် ၄င်းသားတော်မှ အရှင်မင်းကြီး၏ ဦးခေါင်းကို ဖြတ်လိမ့်မည်”  ဟု   ဟောပြောသဖြင့် မိဘုရားများအား “သားယောက်ျားလေး မွေးဖွါးလျှင် ချက်ခြင်း သတ်ပစ်ရမည်” ဟု    အမိန့်ထုတ်ပြန်ခဲ့ရာ မင်းချင်းတို့ကလည်း မိဘုရားများမှ သားယောက်ျားလေး ဖွါးမြင်တိုင်း ချက်ခြင်း သတ်ပစ်လေသည်။ “ဒေ၀ကံသမင်း” ၏ တောင်ညာစံ မဟာဒေ၀ီ မိဘုရားကြီး၌ ပတ္တမြားရွှေကြုတ် နှုတ်ငုံ
တော်မူသောအခါ သားတော်ဖွါးမြင်လျှင် ကွပ်မျက်ခံရမည်ကို စိုးရိမ်သဖြင့် ကဝေပညာတတ်ကျွမ်းသော မယ်ဝေအား ပဋိသန္ဓေရက်ခြင်း တူသူ အခြားအမျိုးသမီးတစ်ဦးကို ရှာဖွေထားရန်တာဝန်ပေးအပ်ခဲ့သည်။ မိဘုရားကြီးမှ သားတော် ဖွါးမြင်ချိန်တွင် အကြောင်းတိုက်ဆိုင်စွာပင် မယ်ဝေ အသင့်ရှာဖွေထားသော   အမျိုးသမီးမှလည်း သမီးမိန်းကလေးဖွါးမြင်သဖြင့် ၄င်းသမီးကို မိဘုရားကြီးမှ ဖွါးမြင်ကြောင်း ဒေ၀ကံသမင်း အားလျှောက်ထားစေပြီး သားတော်ကို မယ်ဝေ လက်ထဲ အပ်၍ အသပြာ အလုံအလောက်ပေးပြီး သရက်မြို့အနောက်ဖက် အရပ်ရှိ တောင်တွင် ပုန်းအောင်းနေစေသည်။ မယ်ဝေ ပုန်းအောင်းသောတောင် ကို “ကဝေတောင်” ဟု ခေါ်သည်။ ကဝေတောင်တွင် နေသော ပန်းစားဘီလူးမသည် သားတော်ကို     အလွန်ချစ်မြတ်နိုးသဖြင့် ရင်သွေးပမာ  စောင့်ရှောက်ထားသော်လည်းဘုရင့်နား ပေါက်ကြားမည် စိုးရိမ်၍   ပိုမိုလုံခြုံသော  တောင်စဉ် ခုနှစ် ခရိုင် အရပ်သို့ ပြောင်းရွှေ့ နေထိုင်လေသည်။(မှတ်ချက်။ တောင်စဉ် ခုနှစ်ခရိုင်မှာ ၁။ မင်းတုန်း ၂။မင်းတပ် ၃။တိုင်တား  ၄။မြို့ဟောင်း ၅။မြို့သစ် ၆။ပန်းတိမ်း ၇။မန်းဖဲ(ယခုငဖဲ) တို့ဖြစ်ကြောင်း သိရှိရပါသည်။) မင်းသား ပုန်းအောင်းနေရာ အရပ်ကို “မင်းပုန်း” (ယခုမင်းတုန်း) ဟု ခေါ်တွင်ကြောင်းသိရှိရပါသည်။ “ဒေ၀ကံသမင်း” သည် ရှမ်းစော်ဘွားတစ်ဦးမှဆက်သသော သမီးတော် “ရှင်စောဦး” ကို အလွန်ချစ်မြတ်နိုး လေသည်။ “ရှင်စောဦး” ၏နားဋောင်းမှ ဓါတ်တော် ကွန့်မြူးသည်ကို မနာလိုသော အခြားမိဘုရားများမှ “ရှင်စောဦး” သည် စုန်းကဝေ ပညာတတ်မြောက်သူဖြစ်သည်ဟု “ဒေ၀ကံသမင်း”အား လျှောက်ထားရာ “ဒေ၀ကံသမင်း” က ယုံကြည်ပြီး နန်းတော်မှ မောင်းထုတ် သဖြင့် ရှင်စောဦး ရှမ်းပြည်သို့ ပြန်လည်ထွက်ခွါခဲ့ရာ ခရီးပမ်းပြီး လမ်းခရီးတွင် ကွယ်လွန်လေသည်။(မှတ်ချက်။ “ရှင်စောဦး” မကွယ်လွန်မီ ၄င်း၏ ဓါတ်တော် ကွန့်မြူးသောနားဋောင်း ကို အထိန်းတော် ပေါလိယမှ တစ်ဆင့်  ရသေ့ကြီး “၀ရုဏ” ထံပေးအပ်၍ စေတီ တည်ထားစေခဲ့ရာ “သီဟပဗ္ဗတတောင်ထိပ်” (ယခုထုံးတောင်) တွင် “၀ရုဏစေတီဘွဲ့တော်”ဖြင့် ယခုတိုင် တည်ရှိပါသည်။)  အထိန်းတော် “ပေါလိယ”  သည်  ရှမ်းပြည်သို့   ပြန်ပြီး   “ရှင်စောဦး”   ကွယ်လွန်ကြောင်း   စော်ဘွား ထံ   လျှောက်ထားရာ မခံမရပ်နိုင်ဖြစ်သော စော်ဘွားကြီးက  စစ်သည်စုဆောင်း၍ ဒေ၀ကံသမင်း အား စစ်တိုက်ရန် ထွက်ခွါ လာရာ သရက်မြို့ မရောက်မီ စခန်းချနားနေရာ ကို “ရှမ်းတပ်ကြီး” ဟု ခေါ်တွင်ပြီး ယနေ့တိုင် တည်ရှိပါသည်။        ရှမ်းစစ်တပ်ကြီး ချီတက်လာကြောင်း သိရှိသော  အသက်အရွယ်   ကြီးပြီဖြစ်သည့်     ဒေ၀ကံသမင်းသည် ရှမ်းစစ်တပ်ကို ခုခံနှိမ်နင်းရန်    သားတော် မရှိသည်ကို နောင်တရပြီး သားတော်များအား   သတ်ဖြတ်ခဲ့သည်မှာ မှားယွင်းကြောင်း ညီးတွား လေသည်ကို အခွင့်ကောင်းယူ၍ မိဘုရားကြီးက ပုန်းအောင်းနေသော သားတော် နှင့် မယ်ဝေကို ပြန်ခေါ်ရန် အမိန့်တောင်းခံခဲ့ရာ “ဒေ၀ကံသမင်း” က ခွင့်ပြုလေသည်။        သားတော်လည်း စစ်သည်အင်အား စုဆောင်း၍ ရှမ်း စစ်တပ်ကိုခုခံ နှိမ်နင်းရန် ပြန်လည် ချီတက်လာကြောင်း သိရှိသွားသည့်အခါ  ရှမ်းစစ်တပ်ကြီးလည်း    ပြန်လည်ဆုတ်ခွါ သွားလေသည်။   (မှတ်ချက်။  မင်းသား ပြန်လာရာ လမ်းတွင် ကျောက်ခွက်ကြီး တွေ့သော နေရာ ကို ကျောက်ကြီးရွာ ဟု၎င်း၊ မင်းသားအား ပန်းကုန်းဖြင့် ကြိုဆိုသောနေရာကို ပန်းကုန်း (ယခုဘန်းကုန်းရွာ) ဟု၎င်း၊ တစ်လနီးပါး စခန်းချခဲ့သောနေရာကို တလပါးရွာ ဟု၎င်း၊ ဒေါင်းများမြူးတူး ပျံသန်းနေသည်ကို တွေ့ရှိရသောနေရာကို ဒေါင်းပျံရွာဟု၎င်း၊ စစ်သည် နှင့် မြင်းများ စားသောက်ရန် ရေနှင့် မြက် ပေါများစွာရရှိသောနေရာကို ရေမျက်ရွာဟု၎င်း၊မင်းသား  ခေတ္တတည်းခို နေထိုင်သော   နေရာကိုမင်းတည်းရွာဟု၎င်း၊မင်းသားအားမယ်တော်က လေးတိုင်စင်ဆောက်၍ စောင့်မျှော်နေသောနေရာကို   လေးတိုင်စင်ရွာ ဟု၎င်း ယနေ့တိုင်တည်ရှိကြောင်း တွေ့ရှိရပါသည်။)        သားတော်မင်းသားမြို့တွင်းသို့ဝင်ရောက်လာသောအခါ ဒေ၀ကံသမင်းသည် ဗေဒင်ပညာရှင်များ၏ ဟောပြောချက်ကို   ပြန်လည်သတိရပြီး ရုတ်တရက် ထိတ်လန့် တုန်လှုပ်ပြီး ကံတော်ကုန်ရှာလေသည်။ မင်းသားလည်း ကြီးစွာ စိတ်မကောင်းဖြစ်လေသည်။        သားတော်သည် ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ မင်းလုပ် အုပ်ချုပ်တော်မူပြီး  တောကျောင်း အရပ်နှင့် ရွှေခဲ အရပ်ကို ပေါင်း၍ မြို့တော်တည်လေသည်။ မြို့တော်နေ ပြည်သူလူထုတို့က ခမည်းတော်သည် သားတော်များကို သတ်ရက်လေခြင်းဟု ညည်းတွားကြရာမှ မင်းသားတည်သော မြို့တော်ကို သတ်ရက်မြို့ ဟု ခေါ်တွင်လေသည်။ သတ်ရက်မြို့မှ ကာလရွေ့လျောသောအခါ သရက်မြို့ ဟု ဖြစ်ပေါ်လာခြင်းဖြစ်သည်။ (Burma Gazzette ThaYetMyo Vol.a Page .65) ကို ကိုးကား၍ သရက်မြို့သမိုင်းကိုတင်ပြရခြင်း ဖြစ်ပါသည်။)