About

Tuesday, June 18, 2013

သရက်မြို့ (၁၈၈၅ခုနှစ်မှ ၁၉၄၈ခုနှစ်ထိ အခြေအနေ)

၁၈၈၅ခု နိုဝင်ဘာလသီပေါမင်းပါတော်မူချိန်တွင်သရက်မြို့သည်အိမ်ခြေ(၇၀၀)ခန့်ရှိပြီးလူဦးရေ(၃၀၀၀၀)ခန့်   နေထိုင်လျှက်ရှိကြောင်းနှင့် နိုင်ငံခြားသားမှာ သုံးပုံတစ်ပုံ ခန့် ရှိကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ ကုန်စည်ကူးသန်းရောင်းဝယ်မှု ပိုမိုဖွံ့ဖြိုးလာသဖြင့် သရက်မြို့မဈေးကြီးကို ၁၈၈၅ ခုနှစ် တွင် စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။
၁၈၈၇ခုနှစ်တွင် သရက်ဂေါက်ကွင်းကို (၉)ကျင်းပါ ဂေါက်ကွင်းအဖြစ် ဖေါက်လုပ်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးဂေါက်ကွင်း ဖြစ်သည်။
        ၁၉၂၆ခုနှစ်တွင် I C P ကုမ္ပဏီသည် သရက်မြို့တောင်ဖက် ၁၂မိုင် အကွာရှိ ပြရည် ကျေးရွာ၌ ပထမဆုံး ဓါတ်ငွေ့ တူးဖေါ်အောင်မြင်ခဲ့သည်။ သရက်မြို့အနီး ထုံးတောင်ဒေသတွင် ထုံးကျောက်အများအပြား တွေ့ရှိခဲ့ခြင်း အပေါ် အခြေတည်လျက် ဒိန်းမတ်နိုင်ငံ  F.L Smith Co. မှတစ်နှစ်လျှင်တန်ချိန်(၆၀၀၀၀)ကျဘိလပ်မြေစက်ရုံကို   ပေါင် (၃၅)သိန်းဖြင့် တည်ဆောက်ခဲ့ရာ ၁၉၃၇ခုနှစ် ဖေဖေါ်ဝါရီလတွင် တည်ဆောက်ပြီးစီးခဲ့သည်။
        ၁၈၈၄ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော SPG အထောက်အပံ့ခံ (၄)တန်း အထိ ပညာသင်ကျောင်းကို ၁၉၂၃ခုနှစ် တွင် အထက်တန်းဆင့်ထိ တိုးမြင့်ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး အထက်တန်းကျောင်းအုပ်မှာ ဦးဖိုးချစ် ဖြစ်ပါသည်။ ထိုအချိန်၌ သရက်မြို့တွင် ကာလ၀မ်းရောဂါ ကပ် ကျရောက်ခဲ့သဖြင့် အထကကျောင်းကို ယခုအထကကျောင်း၏ အနောက်ဖက် ဘော်လုံးကွင်းနေရာတွင်ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။  ယခုအထက(၁)ကျောင်း တည်ရှိရာ နေရာ တွင် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီး ၁၉၂၄ခုနှစ်တွင် မြန်မာနိုင်ငံ ဘုရင်ခံချုပ် ဆာ.အာကုတ်ဘတ်တလာ ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သည်။ စတင်ဖွင့်လှစ်ခဲ့သည့် အချိန်တွင် ဆရာ/ဆရာမ (၁၄)ဦး ရှိပြီး ကျောင်းသား/ကျောင်းသူ (၃၀၀)ဦးခန့် ရှိကြောင်း မှတ်တမ်းများအရ သိရှိ ရပါသည်။
        ၁၉၄၅ခုနှစ် မတိုင်မီ အထိ သရက်မြို့၌ အင်္ဂလိပ်-မြန်မာအစိုးရ အထက်တန်းကျောင်း(ယခု အထက.၁)၊ ဦးတက်တိုးကျောင်း(ခေါ်) တိုင်းရင်း မြန်မာ အထက်တန်းကျောင်း (ယခုအလက.၁)၊ ဦးမင်းတိုင်း ကျောင်း (ခေါ်) တိုင်းရင်းမြန်မာ အလယ်တန်းကျောင်း (ယခုမရှိတော့ပါ)၊ A.B.M ကျောင်း (ခေါ်) ခရစ်ယာန်သာသနာပြုကျောင်း (ယခု ချင်းကျောင်း (ခေါ်) အနမ မူလတန်း ကျောင်း)၊ ရိုမန်ကက်သလစ်သာသနာပြုကျောင်း (ခေါ်) စိန်မေရီ ကျောင်း (ယခု အလက.၃)တို့သာရှိပြီး ကျေးရွာများတွင် ဘုန်းတော်ကြီး ကျောင်း ပညာရေးကိုသာ အားထားခဲ့ရသည်။
        သရက်မြို့နယ်၏ ပထမဆုံး နေရှင်နယ်(ခေါ်) အမျိုးသားကျောင်းကို ၁၉၂၀ ကျောင်းသား သပိတ်တွင် ပါဝင်ခဲ့သော ဆရာ၊ဆရာမများ ဦးဆောင်၍ ၁၉၂၁ခု-တွင် ယခုရွှေဘုံသာဘုန်းကြီးကျောင်းနေရာတွင် ဖွင့်လှစ် ခဲ့သော်လည်း ၁၉၂၅ခုနှစ်တွင် အစိုးရအထောက်အပံ့ ယူရေး/ မယူရေး သဘောထားကွဲလွဲပြီး အငြင်းပွါး၍ အမျိုးသားကျောင်းလဲ ပျောက်ကွယ်ခဲ့ရပါသည်။
       ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ကူးစက်လာသဖြင့်၁၉၄၂ခုတွင် ကျောင်းများအားလုံးပိတ်ခဲ့ရပြီး၁၉၄၅ခုနှစ်တွင်   ကျောင်းများပြန်လည်ဖွင့်လှစ် နိုင်ခဲ့သည်။သီပေါဘုရင် ပါတော်မူပြီးနောက် လွတ်လပ်ရေးရရှိရေး နိုင်ငံနှင့်အ၀ှမ်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာ သရက်မြို့နယ်မှ မျိုးချစ်ပုဂ္ဂိုလ် များလဲ တက်ကြွစွာ ပါဝင်ခဲ့ကြသည်။
           ၁၉၂၂ခုနှစ် (၁၂၈၄ခု တန်ဆောင်မုန်းလဆုတ် ၆ ရက်) နေ့တွင် GCBA အထူးကွန်ဖရင့် အစည်းအဝေးကြီးကို သရက်မြို့၌ ကျင်းပခဲ့ပြီး အစည်းအဝေးကြီးမှ အင်္ဂလိပ်တို့၏ ဒိုင်အာခီအုပ်ချုပ်ရေးကိုကန့်ကွက်ပြီး ဟုမ်းရူး(Home Rule) (ခေါ်)ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းခံကြောင်း ဆုံးဖြတ်ခဲ့ ကြသည်။
           ၁၉၃၀ခု ဂဠုန်ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံတွင် သရက်မြို့နယ် မင်းတည်း ရွာမှ ဦးစံမြိုင်၊ အင်းမငယ်ရွာမှ ဦးစံဖေတို့ ဦးဆောင် ပါဝင်ခဲ့ကြသဖြင့် နယ်ချဲ့တို့၏ ကြိုးပေးကွပ်မျက်ခြင်း ခံခဲ့ရပြီး ကျန်တော်လှန်ရေးအဖွဲ့မှာ ကဝေတောင်တွင်  အခိုင်အမာ တပ်စွဲရပ်တည်ခဲ့ကြသည်။
        ၁၃၀၀ပြည့် အရေးတော်ပုံတွင်  သရက်မြို့မှ သခင်လှမောင်ကြီးနှင့် သခင်သိန်းအောင်တို့ တက်ကြွစွာ ပါဝင် ခဲ့ကြသည်။
        ရေနံမြေသပိတ်ကာလအတွင်း သရက်နှင့် အောင်လံ ဒေသ တို့၌လည်း သပိတ်တိုက်ပွဲများ ဆင်နွှဲခဲ့ရာ နယ်ချဲ့အင်္ဂလိပ်တို့က နံပါတ်တုတ်ဖြင့် ရိုက်နှက် နှိမ်နင်းခဲ့သဖြင့် အောင်လံမြို့မှ သခင်ဗဖိုး ကျဆုံးခဲ့သည်။ သခင်ဗဖိုး၏ အသုဘကို သရက်မြို့မှ မျိုးချစ်လူငယ်များ သွားရောက်ပို့ဆောင်ပြီး သရက်မြို့သို့ လှေဖြင့်အပြန် အင်္ဂလိပ်တို့က မြနန္ဒာ သင်္ဘောဖြင့် ၀င်တိုက်ခဲ့ရာ သရက်မြို့မှ မျိုးချစ် အမျိုးသား၊အမျိုးသမီး (၁၃) ဦးလှေမှောက် သေဆုံးခဲ့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
         ၁၃၀၀ပြည့်အရေးတော်ပုံပြီး၍မရှေးမနှောင်းကာလတွင် ဒေါက်တာဗမော်၏ဓါးမပါတီ ပေါ်လာပြီးသရက်မြို့နယ် သို့ လာရောက်စည်းရုံးရာ သရက်မြို့ပေါ်မှ တစ်ဦးစ နှစ်ဦးစ မှအပ လက်ခံခြင်းမရှိသလောက်ဖြစ်ပြီး ကျေးရွာများမှ အချို့  ဓါးမပါတီသို့ ၀င်ခဲ့ကြသည်။ ဓါးမပါတီ၏ သရက်မြို့နယ် တာဝန်ခံ ခေါင်းဆောင်မှာ ဦးသာညို(သရက်မြို့) နှင့် ဦးအောင်ဆိုင် (တလပါး)တို့ ဖြစ်ကြောင်း သိရှိရပါသည်။
         ဂဠုန်ဦးစော နန်းရင်းဝန်ဖြစ်ပြီးနောက် ဂဠုန်တပ်ဖွဲ့ ဖွဲ့ရန် ဂဠုန်ဦးစော ကိုယ်တိုင် သရက်မြို့သို့ လာရောက် စည်းရုံးရာ သရက်မြို့သူ၊မြို့သားများက လုံးဝ လက်မခံသည့် အပြင် သံပုံးတီး ကန့်ကွက် မောင်းထုတ်ခဲ့ကြသည်။ (မှတ်ချက်။ တစ်ခြားအချက်တွေကို အသာထား ဒီတစ်ချက်ထဲနဲ့တင် သရက်မြို့သူ မြို့သားများကို ဦးညွတ် အလေးပြု ပါတယ်ဗျာ..)
          ၁၉၄၂ခုနှစ် ဂျပန်တပ်နှင့် ဗမာ့တပ်မတော်(BIA) သရက်မြို့သို့ ရောက်ရှိလာသောအခါ သရက်မှ လူငယ် အများ အပြား ဗမာ့တပ်မတော်သို့ ၀င်ရောက်ခဲ့ကြသည်။ ဂျပန်များ သရက်မြို့တွင်အခြေစိုက်ပြီး (၂)လခန့်အကြာ တွင် ဂျပန်များကို လက်မခံနိုင်သော သရက်မြို့မှ လူငယ်များသည် ဂျပန်များကို သုတ်သင်ရန် လျို့ဝှက်အဖွဲ့ကို ရတနာမာန်အောင်ဘုရား အတွင်းဖွဲ့စည်းခဲ့သည်။ လျို့ဝှက်အဖွဲ့နှင့် ဌာနချုပ်အဖွဲ့များ ဆက်သွယ်၍ ဂျပန်ဆန့်ကျင် သုတ်သင်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
           ထိုစဉ်က ဗမာ့တပ်မတော်တပ်ရင်း(၆) သရက်မြို့တွင် တပ်စွဲခဲ့ပြီး သရက်မြို့မှ လူငယ်များနှင့် အတူ ဂျပန်တော်လှန်ရေး ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။ ၁၉၄၅ခုနှစ်တွင် မြန်မာ့သမိုင်း၏ အဓိက မှတ်တိုင် တစ်ခု ဖြစ်သော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖတပလ) ကို ဗိုလ်မှူးစိန်ဝင်း ဦးဆောင်၍ သရက်မြို့နယ် ပေါက်ဦးကားကျေးရွာ မြောက်ဖက် ငှက်ပျောဥယျာဉ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအဖွဲ့တွင် သရက်မြို့မှ ဦးဘအောင်က အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သည်။ ဥက္ကဌမှာ ဒုတိယဗိုလ်မှူးကြီး တင်ဦးဖြစ်သည်။
           ၁၉၄၅ခုနှစ် မတ်လ(၂၅)ရက်နေ့တွင် ဖက်ဆစ်ဂျပန်အား လက်နက်ကိုင် တိုက်ပွဲဆင်နွှဲရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်ဖွဲ့သည် သရက်မြို့နယ် ပုဏ္ဏားကျေးရွာသို့ရောက်ရှိလာပြီး ၁၉၄၅ခု မတ်လ(၂၇)ရက်    နေ့တွင် ထိုစဉ်က ပုဏ္ဏားရွာသူကြီး ဦးငွေလှိုင် (အချို့က ဦးဖိုးလှိုင်ဟုပြောပါသည်။) အား သက်သေ ထား၍ စစ်ကြေငြာခဲ့သည်။ (မှတ်ချက်။ ပုဏ္ဏားရွာတွင် စစ်မကြေငြာမီ ဗိုလ်ချုပ်အောင်ဆန်းက ရန်သူပေမဲ့ စစ်မကြေငြာပဲတိုက်ရင် လူကြီး လူကောင်းမပီသဘူး၊ ဒါကြောင့် စစ်ကြေငြာပြီးမှ တိုက်ရမယ် ဟုပြောခဲ့ကြောင်း သိရှိရပါသည်။)၁၉၄၅ခုနှစ် သြဂုတ်လတွင် ဖက်ဆစ်ဂျပန်တို့ အင်္ဂလိပ်ထံ လက်နက်ချသဖြင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားသဖြင့် ဖတပလနှင့် ဂျပန်စစ်ပွဲလဲ ပြီးဆုံးခဲ့သည်။
၁၉၄၅ခုနှစ် သြဂုတ်လတွင် သရက်မြို့ အစိုးရအထက်တန်းကျောင်းကြီး ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ကျောင်းအုပ်ကြီးမှာ ဦးဘထွန်း ဖြစ်ပါသည်။
၁၉၄၆ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့တွင် သရက်မြို့သူမြို့သားများအတွက် ဗဟုသုတ စာဖတ်ခန်းတစ်ခု တည်ထောင်ပြီး ယင်းစာဖတ်ခန်းမှာ သရက်မြို့တွင် ယနေ့တိုင် သက်တမ်းကြာရှည်စွာ တည်ရှိသော သဟာယ စာဖတ်ခန်း ဖြစ်ပါသည်။ အသင်းဝင်(၇၀)ဖြင့်စတင်ဖွဲ့စည်းခဲ့ပြီး အမှုဆောင်အဖွဲ့ ဥက္ကဌမှာ ဦးစံတင့်ဖြစ်ပါသည်။
၁၉၄၆ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့တွင်  ရန်ကုန်မြို့ ရွှေတိဂုံ အလယ်ပစ္စယံတွင် ကျင်းပသော ဖဆပလ ပြည်လုံးကျွတ် ညီလာခံသို့ သရက်မြို့မှ ဦးဘကျော်၊ ဦးကြင်ဟန်နှင့် ဦးဘအောင်တို့ တက်ရောက်ခဲ့သည်။
၁၉၄၈ခု ဇန်န၀ါရီလ (၄)ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့ပါသည်။

0 comments:

Post a Comment