၁၉၄၈ခုနှစ် ဇန်န၀ါရီလ(၄)ရက်တွင်
မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ခု မတ်လ (၂၈)ရက်နေ့ တွင်
ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုခဲ့သဖြင့် ပြည်တွင်းစစ် စတင်ခဲ့ပါသည်။
၁၉၄၈ခုနှစ် သြဂုတ်လ (၁) ရက်နေ့တွင် သရက်မြို့ ဘော်စတယ်တွင် တပ်စွဲထားသော
ဗမာ့တပ်မတော် တပ်ရင်း(၁)မှ ခံတပ်နီ တော်လှန်ရေးအမည်ဖြင့် ဖဆပလ အစိုးရကို
တော်လှန်ခဲ့ကြသည်။ ဗမာ့တပ်မတော်တပ်ရင်း(၁)၊ သရက်မြို့မှ ကွန်မြူနစ်
လိုလားသူ များနှင့် ပြည်သူ့ရဲဘော် (၃)ပါတီ စုပေါင်း၍ သရက်မြို့ကို
ဖဆပလအစိုးရ ထံမှ သိမ်းယူအုပ်ချုပ်ခဲ့သည်။
၁၉၄၉ခုနှစ် ဖေဖေါ်ဝါရီလတွင် အမှုထမ်းပေါင်းစုံ သပိတ်ဖြစ်ပေါ်လာပြီး သရက်မြို့မှ ၀န်ထမ်းများ ပါဝင်ခဲ့ပြီး သပိတ်တွင် မပါဝင်လိုသော ၀န်ထမ်းများ ဖဆပလ အစိုးရရှိရာ ရန်ကုန်သို့ ထွက်ခွါသွားခဲ့ကြသည်။
(၁၆.၃.၁၉၄၉)ခုနှစ်တွင် ဗမာ့လက်နက်ကိုင်တပ်ရင်း(၁)မှ “ဗိုလ်သက်ထွန်း” ဦးဆောင်သော အဖွဲ့သည် ဖဆပလ အစိုးရအား ဆန့်ကျင်၍ လက်နက်များနှင့် တောခိုပြီး ရခိုင်ရိုးမကို အခြေပြုပြီး နစ်ဖြူ အနောက်မြောက်တိုင်းစစ်ဌာချုပ် အမည်ဖြင့် လှုပ်ရှားခဲ့သည်။ နယ်မြေအေးချမ်းမှု မရှိ၍ သရက်မြို့ရှိ စာသင်ကျောင်းများ ပိတ်ခဲ့ရသည်။
(၃)ပါတီ အုပ်ချုပ်ရေးကာလ (၂)နှစ် ခန့်အကြာ ၁၉၅၀ခုတွင် အချင်းချင်း သဘောထား ကွဲလွဲပြီး အချို့က အစိုးရထံလက်နက်အပ်နှံခဲ့ကြသည်။အစိုးရတပ်များကသရက်မြို့ကို၁၉၅၀ခု အောက်တိုဘာလတွင် ပြန်လည်သိမ်းယူပြီး နောက် (၆.၁၁.၁၉၅၀) တွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ အစိုးရတပ်များက အထကတွင် နေရာယူထားသဖြင့် ယခုရွှေဘုံသာအမက တည်ရှိရာနှင့် သတ္တဌာန ဘုရားတွင် (၃)လကြာမျှ ကျောင်းဖွင့်ခဲ့ရပြီးနောက်မှ အထက တွင် ကျောင်းပြန်လည် ဖွင့်လှစ်ခဲ့သည်။
၁၉၅၂-၅၃ခုနှစ်တွင် ပြည်တော်သာစီမံကိန်းအရသရက်မြို့နယ်တွင်အစိုးရ ပြည်တော်သာမူလတန်းကျောင်း များ ပေါ်လာခဲ့သော်လည်း ခြုံကြည့်လျှင် ၁၉၄၈ခု လွတ်လပ်ရေးရပြီးချိန်မှ ၁၉၆၂ခုကာလအတွင်းမှာ သရက်မြို့နယ် အတွင်း တည်ငြိမ်မှု ကင်းမဲ့ပြီး ကျီးလန့်စာစား နေခဲ့ရသော အခြေအနေ ဖြစ်ပါသည်။

0 comments:
Post a Comment