အမ္ဗသီရိန် မင်းဆက်များဖြစ်သော
ဒေ၀ကံသမင်းဆက် ပျက်သုန်းသွားသော အခါ တစ်ချိန်ကစည်ကားခဲ့သော သရက်မြို့သည်
ပုဂံခေတ်ဦးပိုင်း ကာလအထိ ရွာ ကလေးတမျှသာ ရှိခဲ့လေသည်။ ပုဂံခေတ် သက္ကရာဇ်
၆၆၀ ခုနှစ်တွင် ပုဂံမင်းဆက် ကျော်စွာမင်းနန်းကျပြီး ကျော်စွာမင်းနှင့်
မိဘုရားဖွါးစောတို့၏ သားတော်အကြီး စောနှစ် ပုဂံမင်းဖြစ်လာပြီး သားတော်အငယ်
မင်းရှင်စော အား သရက်မြို့ကို စားစေသည်။ မင်းရှင်စောသည် ရှင်မြတ်လှ နှင့်
စုံဖက်၍ သရက်မြို့တွင် နေလေသည်။ သက္ကရာဇ် ၆၆၂ ခုနှစ် တွင် မင်းရှင်စောက
သရက်မြို့ကို ဓါးမ ၃၀၀ ၊ ပေါက်တူး ၃၀၀ ၊ ပုဆိန် ၃၀၀ တို့ဖြင့်
မြို့ကိုပြုပြင်ပြီး ပြန်လည်တည်ထောင်ခဲ့သဖြင့် သရက်မင်းရှင်စော ဟု
အမည်တွင်လေသည်။ ထို့အပြင် အတွင်းစည်းခုံစေတီ
(ယခုဆုတောင်းပြည့်ဘုရားဝန်းအတွင်းရှိ စေတီ)၊ အပြင်စည်းခုံ
(ယခုရွှေဘုံသာစေတီ၊ အချို့ကလည်း အပြင်စည်းခုံမှာ ရွှေဘုံသာစေတီနှင့်
လမ်းတစ်ဖက် တစ်ချက်ရှိ စေတီတစ်ထောင်ဟု ဆိုသည်။ ကျုံးကြီးလမ်း အတွင်း
အပြင်နှင့် ခွဲပါက အပြင်စည်းခုံ မှာ ရွှေဘုံသာစေတီက ပိုမိုဖြစ်နိုင်သည်ဟု
ယူဆပါသည်။ သိရှိသူများအမှားပြင်နိုင်ပါသည်။)၊ ကျုံး (ယခုပဲ့ထောင်ဆိပ်
အတက်လမ်းမှ ရွှေဘုံသာဘုရား မြောက်ဖက်လမ်းသည် ကျုံးကြီးလမ်း
ဟုခေါ်တွင်ခဲ့ကြောင်း သိရှိရပါသည်။) ၊ဆင်ချဆိပ် (ယခုပဲ့ထောင် ဆိပ်နေရာ)
တို့ကို နန်းမြို့ အင်္ဂါရပ် နှင့် အညီ ပြုပြင် တည်ဆောက် ခဲ့သည်။
ပုဂံတွင် ကျော်စွာမင်းနန်းကျချိန်တွင် စည်းလုံးညီညွတ်မှု ပျက်ပြားသည်ကို သိရှိသော ရခိုင်မင်းသည် သရက်မြို့ကို တိုက်ခိုက်ပြီး မင်းရှင်စောကို သားမယားနှင့် တကွ ရခိုင်သို့ ခေါ်ဆောင်သွားလေသည်။
ထိုစဉ်က မင်းရှင်စောတွင် သားတော်ကြီးမြင်းစိုင်း၊ သားတော်လတ် စောရနောင်၊ သားတော်ငယ် စော်ကဲ ဟူ၍ သား(၃)ယောက်ရှိပါသည်။ သက္ကရာဇ် ၇၂၉ ခုနှစ်တွင် အင်းဝ၌ သတိုးမင်း အနိစ္စ ရောက်သောအခါ ရမည်းသင်း မြို့စား သီလ၀ ကို မင်းပြုရန် တောင်းပန်သော်လည်း လက်မခံသဖြင့် သီလ၀၏ ယောက်ဖ မင်းရှင်စော၏ သားတော်လက်ရုံးရည်နှလု့းရည်နှင့်ပြည့်ဝသော စော်ကဲကို မင်းမြှောက်ရာ မင်းကြီးစွာစော်ကဲ ဟု အမည်တွင်လေသည်။ (မှတ်ချက်။ စော်ကဲသည် မထင်မှတ်ပဲ မင်းအဖြစ်ကို ရရှိသဖြင့် မြန်မာစကားပုံတွင် မရွယ်ပဲစော်ကဲမင်းဖြစ် ဟူသော စကားပုံ တစ်ခုပေါ်လာလေသည်။ ထိုစကားပုံသည် သရက်မြို့နှင့်ဆက်စပ်နေသည် ကို မသိသေးသော သရက်သူသရက်သားများ သိရှိဂုဏ်ယူစေလိုပါသည်။)
စော်ကဲ မင်းအဖြစ်ကိုရောက်ရှိသော်ရခိုင်မင်းသည်သက်တော်ကြီးပြီ ဖြစ်သောမင်းရှင်စောကို ပြန်လွှတ်သဖြင့် သရက်မြို့သို့ပြန်လည် ရောက်ရှိလာပြီးနောက်ရခိုင်မင်းလက်သို့ရောက်ပြီးမှအသက်ဘေးမှ ပြန်လွတ်လာရသည်ဟု အောက်မေ့ ပြီး သားတော် စော်ကဲမင်းနှင့်အတူ သရက်မြို့၌ သက်လွတ်ဘုရား ဟုဘွဲ့အမည်ပေးပြီး တည်ထား ကိုးကွယ် လေသည်။ ယခု ဧရာဝတီမြစ်ကမ်းဘေး၌ရှိသော ရွှေသက်လွတ် ဘုရား ဖြစ်ပါသည်။
ထို့နောက် ရှေးကုသိုလ်အကြောင်းအရင်း ကောင်းသောကြောင့်မိမိနန်းမြို့ကို ပြန်လည်ရောက်ရသည်ဟု အောက်မေ့၍ ရွှေသက်လွတ်ဘုရား၏ တောင်ဖက်မြစ်ကမ်းနဖူးယခုမြန်မာရေကြောင်းရုံးအနီးတွင် ရှေးရင်းကောင်း (ရွှေရင်ခေါင်း) စေတီတည်ထားကိုးကွယ် လေသည်။ ရှေးရင်းကောင်းခေါ် ရွှေရင်ခေါင်း စေတီသည် မြစ်ရေတိုက်စားပြီး ပျက်သုန်းသွားပြီ ဖြစ်ပါသည်။ (မှတ်ချက်။ မှန်နန်းရာဇ၀င်. ပထမတွဲ၊ စာ-၃၉၅ မှ ၄၄၅ထိ တွင် ဖေါ်ပြထားချက်ကို ကိုးကားဖေါ်ပြခြင်းဖြစ်ပါသည်။)
သရက်မြို့သည် ပုဂံခေတ်နောက်ပိုင်း ပင်းယခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် အထိ သရက်မြို့သည် မင်းဆက်ပြတ်ခဲ့ပြီး မြို့စားများနှင့်သာ အုပ်ချုပ်ခဲ့လေသည်။ ကုန်းဘောင်ခေတ် နှောင်းပိုင်းတွင် အင်္ဂလိပ်-မြန်မာ ပထမ ကျူးကျော်စစ်၊ အင်္ဂလိပ်-မြန်မာ ဒုတိယ ကျူးကျော်စစ် ကာလများတွင် စစ်ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီး ဒုတိယကျူးကျော်စစ်အပြီးတွင်အင်္ဂလိပ်လက်အောက်စတင်ကျရောက်ခဲ့ကာအထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် အင်္ဂလိပ်-မြန်မာ နယ်ခြားမြို့ ဖြစ်ခဲ့သည်။ အင်္ဂလိပ် လက်အောက် စတင် ကျရောက်ချိန်တွင် သရက်မြို့၌ အိမ်ခြေ ၂၁၀ ခန့်သာ ရှိတော့ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပြီးနောက်နယ်ခြားဈေးမြို့တစ်မြို့ ဖြစ်လာပြီးကုန်စည်ကူးသန်းရောင်းဝယ်ရာ အဓိကမြို့ဖြစ်လာပြီး ပြန်လည် စည်ကားလာခဲ့သည်။ ထိုစဉ်က နာမည်ကျော်ကြားခဲ့သော သရက်ထည် မှာ အိန္ဒိယ ကုန်သည်များ အိန္ဒိယတောင်ပိုင်းမှ သယ်ဆောင်လာသော ဆေးဆိုးပွင့်ရိုက်အထည်စများကိုအထက်မြန်မာပြည်သို့ သရက်မြို့မှတစ်ဆင့် စတင်ဖြန့်ဖြူးခဲ့သဖြင့် သရက်ထည် ဟု ခေါ်တွင်လာခဲ့ခြင်း ဖြစ်ပါသည်။
သရက်မြို့ကို အင်္ဂလိပ်တို့ သိမ်းပိုက်ချိန်တွင် သရက်မြို့၌ မြို့စား မောင်သိုင်းနှင့်ဇနီးမဦးဒေါ်မြတို့ ရှိပြီးအင်္ဂလိပ် တို့က မောင်သိုင်းကို မြို့ဝန် အဖြစ် တာဝန်ပေးခန့်ထားရာ ယခုဝါစက်ရုံ အရှေ့ဖက်ရှိ အိမ်ကြီးတွင် နေထိုင်ခဲ့ကြောင်း သိရှိရပါသည်။(သက်ကြီးရွယ်အိုများကို မေးမြန်းသောအခါ ယခု ပဆငဧည့်ရိပ်သာတည်ရှိရာနေရာဖြစ်ကြောင်း သိရှိရပါသည်။ ဧည့်ရိပ်သာ မဆောက်မီက ပျဉ်ထောင်အိမ်အိုကြီး တစ်လုံးရှိခဲ့ပြီး ဆရာဝန်များ နေခဲ့ဘူးသည်ဟု သိရှိရပါသည်။အိမ်အိုကြီး၏မှတ်တမ်းဓါတ်ပုံစုံစမ်းဆဲဖြစ်ပြီးမရရှိသေးသဖြင့်မဖေါ်ပြနိုင်ပါ။သိရှိသူများရှိပါက ဖေါ်ပြပေး ပါရန်။) ၄င်းအိမ်ဘေးရှိ ကန်မှာ မြို့ဝန်မောင်သိုင်း မိချောင်း မွေးမြူခဲ့သော ကန်ဖြစ်ပြီး ယခုအကျဉ်းဦးစီးဌာနမှ ငါးမွေးမြူလျှက် ရှိပါသည်။
မြို့ဝန်ဦးသိုင်းမိသားစုမှ ရွှေသက်လွတ်ဘုရားအနီးယခုနှစ်စဉ် ညောင်ရေသွန်းပွဲတော်ကျင်းပရာ ဗောဓိပင်ကြီး၏ အရှေ့ဖက်တွင် မြချမ်းသာ စေတီတော် တည်ထားကိုးကွယ်ခဲ့ပါသည်။ ၁၈၅၂ခုနှစ်ခန့်တွင် ထိုနေရာ၌ အင်္ဂလိပ်တို့က အရေးပိုင်ရုံးတည်ဆောက်လိုသဖြင့် လျှောက်လွှာစာရေးဦးဘိုးချက်အားကန်ထရိုက်ပေး၍ ရွှေ့ပြောင်းစေရာ မြချမ်းသာ စေတီ ဌာပနာအတွင်းမှ ဆီစိမ်ထားသော ဆံတော် အခွေ တစ်ခုရရှိပြီး ၄င်းဆံတော်ကို ဌာပနာ၍ ယခု သတ္တဌာနဘုရားဝန်း ယဉ်ကျေးမှုကဇာတ်ရုံ အရှေ့ဖက်တွင် မြချမ်းသာစေတီ ကို တည်ထားခဲ့ရာ ယခုတိုင် ဖူးမြော်နိုင်ပါသည်။(မြချမ်းသာဘုရားတည်ရှိခဲ့သော နေရာတွင် ခြင်္သေ့ရုပ်များရှိပြီး ယခုအခါ ၄င်းခြင်္သေ့ရုပ်များကို ညောင်ပင်များက ၀ါးမြိုထားသည်ကို တွေ့ရှိရပါသည်။)( ၁၈.၁၀.၂၀၁၁ ရက်နေ့တွင်ထပ်မံဖြည့်စွက်ချက်။ သတ္တဌာနဘုရားသမိုင်း စာအုပ်တွင် ၁၈၀၀ ပြည်နှစ် ရွှေရင်ခေါင်း စေတီကို သတ္တဌာနဘုရားဝန်း အတွင်း ပြောင်းရွှေ့တည်ထားသည်ဟု ဖေါ်ပြထားပါသည်။)
သရက်မြို့ကို၁၈၇၀ခုနှစ်တွင်ခရိုင်ရုံးစိုက်ရာမြို့အဖြစ်သတ်မှတ်ခဲ့ပါသည်။ ခရိုင်ဝန်ရုံးနှင့် လက်အောက်ခံရုံးများ၊ တရားရုံးတို့မှာ ရွှေသက်လွတ်ဘုရား အနီးဖြစ်ပြီး ယခုအခါ အဆောက်အဦးများ မရှိတော့ပဲ ဖေါင်ဒေးရှင်း အုတ်ခုံများ သာ ကျန်ရှိပါသည်။၎င်းနေရာအနီးတွင် လယ်ဝန်ရုံး (ယခုမြေစာရင်းရုံး)နှင့် တည်းခိုရန် ဘန်ဂလို (ယခု ဆောက်လုပ်ရေး ဘန်ဂလို)တို့သာ ကျန်ရှိပါသည်။ ယခုရွှေရင်အေး ဘုရားအ၀င်တွင်ရှိသော သံတဲမှာ ပြည်မြို့တွင် ရုံးထိုင်သော စက်ရှင် တရားသူကြီးက တစ်လလျှင် (၁) ကြိမ်မှ (၂)ကြိမ်ခန့်အထိ လာရောက်ရုံးထိုင်၍ သေဒဏ်၊ ကျွန်းဒဏ်နှင့် (၇)နှစ် အထက် အမှုကြီးများ စစ်ဆေးသော စက်ရှင်တရားရုံးဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။ (သရက်မြို့ရှိ သက်ကြီးပုဂ္ဂိုလ်များက အင်္ဂလိပ်အစိုးရနှင့်တွေ့ဆုံရန် ကုန်းဘောင်မင်းဆက်၏ သံတမန်များ လာရောက်သည့်အခါ တွေ့ဆုံရာ တည်းခိုရာဖြစ်၍ သံတဲဟု ခေါ်သည်ဟု ပြောဆိုကြသော်လည်း ခိုင်မာသောအထောက်အထားမတွေ့ရပါ။ ခိုင်မာသော အချက်အလက် ရှိပါက ထပ်မံ ဖြည့်စွက်ကြပါရန်။)
၁၈၅၇ခုနှစ်တွင် အင်္ဂလိပ်တို့က သရက်မြို့၌ ခံတပ်တစ်ခု တည်ဆောက်ခဲ့ ပါသည်။ (၄င်းခံတပ်ကို ၁၉၅၇ ခုနှစ်တွင် လူငယ်များစာရိတ္တ ပြုပြင်ရေးကျောင်း(ကလေးထောင်)ဖွင့်လှစ်ခဲ့ပြီးပထမဦးဆုံးကျောင်းအုပ်မှာဦးငြိမ်းဟန် ဖြစ်ပါသည်။ ၁၉၇၃-၇၄တွင် ၄င်းကျောင်းကို ကော့မှူးမြို့နယ် ငှက်အော်စမ်းသို့ ပြောင်းရွှေ့ဖွင်လှစ်ခဲ့သဖြင့်၎င်းကျောင်းနေရာတွင် ခလ၇(၄၄)မှ အခြေစိုက်ခဲ့ရာ ယနေ့ထိဖြစ်ပါသည်။)
၁၈၆၉ခုနှစ်တွင် သရက်အကျဉ်းထောင်တည်ဆောက်သည်။
အကျဉ်းထောင် အုတ်ရိုးတူးရာတွင် ထွက်လာသော မြေကြီးများကို ယခု သတ္တဌာနဘုရားတည်ရာ အရပ်သို့ သယ်ယူ မြေဖို့ပြီး အနောက်ရပ်တောင်ပိုင်း ရပ်ကွက်မှဗုဒ္ဓဘာသာ လူငယ်များက မြေဖို့ မြေညှိရာတွင် လုပ်အားဒါန ပါဝင်ခဲ့ ကြသည်။ ၄င်းမြေဖို့ထားသောကုန်းတော်ပေါ်တွင် ဗေါဓိပင်နှင့် ရွှေပလ္လင်ကိုအလယ်မှာထား၍ မြတ်စွာဘုရား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီး ဌာန (၇) တွင် ခုနှစ်ရက်စီ သီတင်းသုံးတော်မူသော ရုပ်ပွါးတော်များကို တည်ထား ပါသည်။ (မှတ်ချက်။ သတ္တဌာန ဘုရားသမိုင်းတွင် ၁၉၈၉ခုနှစ် ၌ သတ္တဌာနဘုရား ရာပြည့်ပွဲတော် ကျင်းပခဲ့သည်ဟု ဖေါ်ပြထားသောကြောင့် ဘုရားရုပ်ပွါးတော်များတည်ထားပြီးသည့်ခုနှစ်မှာ ၁၈၈၉ခုနှစ်ဟု ယူဆတင်ပြ အပ်ပါသည်။)
၁၈၈၄ခုနှစ်တွင် SPG (St. Paul Gaspel)သာသနာပြုအဖွဲ့၏ အထောက်အပံ့ခံ (၄)တန်းအထိ ပညာသင်ကျောင်းကို ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းထောင့် (ယခု စည်ပင်ရုံး) တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပထမဦးဆုံး ကျောင်းအုပ်ဆရာကြီးမှာ မစ္စတာခရစ်ရှနား ဖြစ်ပြီး နောင်တွင် (၇)တန်းအထိ တိုးမြင့်ဖွင့်လှစ်ခဲ့ပါသည်။ သရက်မြို့၏ ပထမဆုံး စာသင်ကျောင်း ဖြစ်ပါသည်။
မြန်မာအစိုးရပိုင် အထက်မြန်မာပြည်နှင့် အင်္ဂလိပ်အစိုးရပိုင် အောက်မြန်မာပြည်ကို သရက်မြို့ဖြင့် ပိုင်းခြား သတ်မှတ်ပြီး နယ်ခြားမှတ်တိုင်မှာ ရွှေဟသာင်္ကျွန်းအနီးတွင်ရှိပါသည်။အင်္ဂလိပ်အစိုးရလက်ထက်တွင်သရက်မြို့သည် တပ်မြို့ဖြစ်ပြီး ဂေါ်ရာစစ်သားအများအပြားထားရှိရာတပ်မြေသည်မြို့မြေနီးပါးကျယ်ဝန်းခဲ့ပါသည်။ ဂေါ်ရာစစ်သားအချို့ သည် သရက်မြို့မှ အမျိုးသမီးများကို လိုက်လံ နှောင့်ယှက်တတ်သဖြင့်စစ်သားများကိုမြို့အတွင်းသို့မသွားရောက်စေပဲ စစ်သားများအတွက် ဈေးတစ်ခုဖွင့်လှစ်ပေးရာယင်းဈေးနေရာကို ဂေါ်ရာဈေးရပ်ကွက်ဟု ခေါ်ပြီး၁၉၉၂မှစတင်၍ ပြည်တော်အေးရပ်ကွက်အဖြစ် ပြောင်းလဲခဲ့ပါသည်။
(Burma Gazzetteer ThaYetMyo နှင့် သရက်မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ မြို့နယ်သမိုင်း မှတ်တမ်းစာအုပ် (၁၉၉၂) နှင့် မှန်နန်းရာဇ၀င် စာအုပ်) ကို ကိုးကား တင်ပြခြင်း ဖြစ်ပါသည်။

0 comments:
Post a Comment