၁၉၆၂ခုနှစ်မတ်လ (၂)ရက်တွင်
ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီအစိုးရ တက်လာသည်။
ဆိုရှယ်လစ်အခြေခံ နိုင်ငံရေး လမ်းစဉ် ထုတ်ပြန်သည်။ ၁၉၆၃ခုနှစ်တွင်
မတ်လ(၂)ရက်တွင် တောင်သူ လယ်သမား များ၊ အလုပ်သမားများ၊ အသိပညာရှင်၊
အတတ်ပညာရှင်များ ပါဝင်ရန် ဖိတ်ခေါ်ကြေငြာခဲ့ရာ သရက်မြို့တွင် ဆိုရှယ်လစ်
လမ်းစဉ်အရ ပါတီစည်းရုံးရေး လုပ်ငန်းများ စတင်ဆောင်ရွက်လာခဲ့ကြသည်။
၁၉၇၂ခုနှစ်တွင် စနစ်သစ်အုပ်ချုပ်ရေး စတင်အကောင်အထည်ဖေါ်သည်။ စနစ်သစ်အုပ်ချုပ်ရေးအရ သရက်မြို့နယ် လုံခြုံရေးနှင့်အုပ်ချုပ်မှုကော်မတီ ဖွဲ့စည်းသည်။၁၉၇၃ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ သဖြင့် သရက်မြို့တွင်လည်း သန်းခေါင်စာရင်း ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
၁၉၇၄ခုနှစ်မေလ(၂)ရက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဦးဆောင်သော အစိုးရပေါ်ပေါက်လာသဖြင့် သရက်မြို့နယ် ပြည်သူ့ကောင်စီ ဖွဲ့စည်းခဲ့သည်။ ခရိုင်အဆင့်ရုံးများကိုဖျက်သိမ်းပြီးမြို့နယ်ရုံးများသည် ပြည်နယ်/ တိုင်းရုံးများသို့ တိုက်ရိုက် ဆက်သွယ်တင်ပြဆောင်ရွက်ရသည်။
၁၉၇၉ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်တွင် သရက်မြို့ ပြည်သူ့အားကစား ကွင်းတွင် သောင်းကျန်းသူဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။
၁၉၈၀ခုနှစ်တွင် သရက်မြို့နယ်၌ စာမတတ်သူ ပပျောက်ရေး (အ သုံးလုံး) လုပ်ငန်း ဆောင်ရွက်ခဲ့ပြီး (၃၀-၁၂-၁၉၈၀) တွင် စာတတ်မြောက်မှု အောင်ပွဲ ကို သရက်မြို့ ဗိုလ်ချုပ်ပန်းခြံတွင် ပြုလုပ်ခဲ့သည်။
(၂၅.၅.၁၉၈၀) ခုနှစ်တွင် ပထမအကြိမ် မြို့နယ်သံဃာ ပေါင်းစုံ အစည်းအဝေးကို သတ္တဘုရား၌ ကျင်းပပြုလုပ်ခဲ့သည်။
(၂၁.၆.၁၉၈၀)တွင် သရက်မြို့ စုပေါင်းရုံးကြီးနှင့် ဘော်လုံးကွင်း တောင်ဖက်တွင် မြေကွက်လပ်များ တိုးချဲ့၍ အိမ်ယာများ ချထားပေးခဲ့သည်။
(၁၆.၇.၁၉၈၀)တွင် သရက်၊မင်းလှ၊မင်းတုန်း ဒေသတွင် စိုးမိုးခဲ့သော ဗိုလ်သက်ထွန်းသည် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၌အလင်းဝင်ရောက်ခဲ့ပြီးထိုမှတစ်ဆင့်ခလရ(၄၄)သို့ ရောက်ရှိခဲ့သဖြင့်သရက်မြို့နယ်တွင် သောင်းကျန်းသူ ချုပ်ငြိမ်းပြီး နယ်မြေအေးချမ်းလာသည်။
၁၉၈၃ခုနှစ်တွင် တပ်မြေ အမှတ်(၂) အစိုးရမူလတန်းကျောင်းနှင့် အထက(၁)ကို ပူးပေါင်းဖွင့်လှစ်ခဲ့သည်။ အမက(၂) ကျောင်းsanction အစား အနောက်ရပ်တောင်ပိုင်း သီရိမင်္ဂလာ မူလတန်းကျောင်းကို (၁.၆.၁၉၈၃)တွင် စတင်ဖွင့်လှစ်ခဲ့သည်။
(၂-၃-၁၉၈၄)တွင် သရက်မြို့နယ် တလပါးတိုက်နယ်ဆေးရုံ စတင် ဖွင့်လှစ်သည်။ (၁.၆.၁၉၈၅)တွင် သရက်မြို့ မီးသတ်မျှော်စင် ဖွင့်လှစ်သည်။
(၂၈.၃.၁၉၈၅)တွင် ကုတင်(၁၀၀)ဆေးရုံ တိုးချဲ့ဆောင်သစ် ဖွင့်လှစ် ခဲ့သည်။
၁၉၈၈ခုနှစ်မတ်လ(၁၂)ရက်နေ့တွင် ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသားများနှင့် ကြို့ကုန်းရပ်ကွက် လူငယ်များ ပဋိပက္ခမှ စတင်၍ တိုင်းပြည် မငြိမ်မသက် စတင်ဖြစ်ပေါ်လာပြီး အရေးအခင်း စတင် ဖြစ်ပေါ်ခဲ့သည်။ သရက်မြို့တွင် (၁၉.၈.၈၈)ရက်နေ့မှ စတင်၍ ဆန္ဒပြ အရေးအခင်း ဖြစ်ပေါ်ပြီး (၁၈.၉.၁၉၈၈)တွင် တပ်မတော်အစိုးရက နိုင်ငံတော် အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူကြောင်း ကြေငြာခဲ့သဖြင့် သရက်မြို့မှ ဆန္ဒပြ အရေးအခင်းများ ပြီးဆုံးခဲ့သည်။

0 comments:
Post a Comment